မဲခေါင်၊ မေ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့က စစ်ကောင်စီ ရဲစခန်းနဲ့ တချို့ စစ်ကောင်စီနေရာ တချို့ကို ယမန်နေ့ မေလ ၁၃ ရက်ညနေပိုင်းမှာ KIA ပူးပေါင် တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။
“မံစီ ပြန်သိမ်းရပြီ။ စခန်းစန့်ခွာတာ မဟုတ်ဘူး။ တိုက်ယူတာ။ စစ်ကောင်စီဘက်က ၂၀ ကျော် ကျတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ KIA နဲ့ ပူးပေါင် တပ်ဖွဲ့ဘက်က ၆ ဦး ထိခိုက်တဲ့ထဲက ၃ ဦး အသက်ပေးလှူသွားတယ်လို့ သူကဆိုပါတယ်။
“ဒေသခံတွေ ပြီးခဲ့တဲ့ အပတ် သောကြာ၊ စနေမှာ နည်းနည်း ထိခိုက်မှု ရှိသွားလို့ တနင်္ဂနွေနေ့က တပ်ပြန်ဆုတ်ထားလိုက်တာ။ မနေ့က မနက်မှ ပြန်စတိုက်တာ” လို့ ရှေ့တန်းနဲ့ နီးစပ်သူ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ထပ်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေအိမ်မီးလောင် ပျက်စီးတာတွေရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
မံစီရဲစခန်းကို မေလ ၇ ရက်နေ့က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ပထမအကြိမ် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဆုတ်ခွာထားရာမှ စစ်ကောင်စီတပ်တွေ ပြန်တပ်စွဲထားတာကြောင့် ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
CJ-008








