မဲခေါင်၊ မေ ၁၁
ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဟိုပန်မြို့မှာရှိတဲ့ အစိုးရ ဌာနဆိုင်ရာ ရုံးတွေ၊ ဝန်ထမ်း အိမ်ယာတွေကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေအပါအဝင် မြန်မာနိုင်ငံသား တရုတ်လုပ်ငန်းရှင်တွေရော ငှားယူလို့ရတယ် လို့ဆိုပါတယ်။
“ကာစီနိုဝိုင်းတွေ ပြန်လုပ် မယ်ထင်တယ်။ ကျားဖြန် (အွန်လိုင်း ငွေလိမ်) တော့ လုပ်လို့ မရတော့ဘူး။ တရုတ်တွေကို ငှားပေးတာမှန်တယ်။ အခုတောင် ဘာမမှ မလုပ်ရသေးဘူး။ ငှား လို့ ရတယ် ဆိုပြီး ကြော်ငြာ ထားတာပဲ ရှိသေးတယ်။ ပြင်ထားတာပေါ့။ တရုတ်နိုင်ငံသား တရုတ်ရော ငှားလို့ ရတယ်။” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” မှာ UWSA လက်ထဲရောက်သွားတဲ့ ဟိုပန်မြို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေအပါ စစ်ကောင်စီအဆောက်အဦ အများစုကို စီးပွားရေးလုပ်မယ့် သူတွေထံ ပြန်လည်ငှားရမ်းနေတာလို့ သိရပါတယ်။
“ငှား ရမှာပေါ့။ စီးပွားရေးဒေသ ဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ်။ အဲဒီ တကြော ပန်လုံ၊ ဟိုပန်၊ ကောင်းကော် အဲဒီ နေရာတွေက တရုတ်နိုင်ငံနဲ့ နီးကပ်သွားပြီ ဆိုတော့ တရုတ်တွေလည်း လာမှာပေါ့။” လို့ နယ်စပ် လုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။
ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ညီနောင်မဟာမိတ်တပ်တွေက ဇန်နဝါရီ ၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး UWSA ကို လွှဲပြောင်းပေးခဲ့တာပါ။ အဲ့ဒီမြို့နှစ်မြို့ရှိ စစ်ကောင်စီတပ်သား ၇၀၀ ခန့် လက်နက်ချအညံခံပြီးနောက် သူတို့ကို လားရှိုးမြို့ဆီ ပြန်လွှဲပေးခဲ့တာပါ။
ဟိုပန်နဲ့ ပန်လုံမြို့တွေဟာ “ဝ” လူမျိုးတွေပိုင်တဲ့ မြို့တွေဖြစ်ပြီး ၁၉၉၀ ခုနှစ် ဦးစောမောင်က လွှဲပြောင်းရာမှာ ကျန်းခဲ့တဲ့မြို့တွေဖြစ်ပါတယ်။ အဲ့ဒီနောက် ၃၄ နှစ်အကြာမှ UWSA ထံ ပြန်လည်ရောက်ရှိလာတာလို့ Wa Channel မှာ ဖော်ပြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာလည်း ဟိုပန်ဟာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော်လို့ ဖော်ပြထားပါတယ်။
CJ-008
MeKongNews
စစ်ကောင်စီ
ဟိုပန်
UWSA
ထိန်းချုပ်
တရုတ်
ပုံစာ- ဟိုပန်နဲ့ပန်လုံမြို့ကို လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားမှာ တွေ့ရတဲ့ UWSA ကိုယ်စားလှယ်များ








