မဲခေါင်၊ ဧပြီ ၁၇
သင်္ကြန်ကာလ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီ အရာရှိတွေအပါ ၁၅ ယောက်သေဆုံးကာ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ PNLA က ဧပြီလ ၁၆ ရက်ည က ထုတ်ပြန်ကြေညာပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ အမြောက်တပ် ၅၀၇ နဲ့ ၅၀၉ က ဗိုလ်ကြီး၊ ဗိုလ်နဲ့ ဒုတပ်ကြပ်တွေပါဝင်ခဲ့တယ် လို့ သိရပါတယ်။ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်တိုက်ပွဲမှာလည်း အရာရှိ ၁၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
အဲ့ဒါကြောင့် ဧပြီ ၁၄၊ ၁၅ ရက် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိတွေအပါ ၁၅ ဦး သေဆုံးခဲ့တယ်လို့ PNLA က ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်ေးဒေသကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပအိုဝ်းတို့ အထွဋ်အမြတ်ထားတဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားဖျက်ဆီးနေတယ်လို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်တွေကို ဇန်နဝါရီ ၂၁ က ဧပြီလ ၁၃ ရက်အထိ ရက်ပေါင်း ၈၄ ရက်အတွင်းမှာ လက်နက်ကြီး ၂၈၄၆ ကြိမ်နဲ့အထက်၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ၄၆၂ ကြိမ်နဲ့အထက်ရှိခဲ့ပြီး အဆောက်အဦ ၅၉၆ ခုပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီ ၁၅ မှာထုတ်ပြန်ထားပါတယ်။








