မဲခေါင်၊ မတ် ၂၈
တရုတ် – မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန် အနီးက အဓိကအရေးပါတဲ့ ယောယုံ စစ်ကောင်စီဗျူဟာစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မတ်လ ၂၈ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
လွယ်ဂျယ်မြို့အထက်က ဖလန်းတောင် စေတီကုန်း ရှိစစ်ကောင်စီ စခန်းကို မတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီကျော်ခန့်က၊ လော့်ဒန်ရွာ အူဒါန်ဘွမ် စစ်ကောင်စီ စခန်းကို မနက် ၁၁ နာရီဝန်းကျင်ခန့်မှာ နဲ့ မနက် ၁၁ နာရီခွဲမှာတော့ ယောယုံ စစ်ကောင်စီ ဗျူဟာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“ ယောယုံရယ်၊ ဖလန်းရယ် သိမ်းနိုင်တယ်။ အဲဒီမှာ စစ်သည်အင်အား ဘယ်လောက်ရှိတယ် ဆိုတာနဲ့ စစ်သုံ့ပန်း ဘယ်လောက်ဖမ်းမိတယ် ဆိုတာတော့ မသိရသေးဘူး။ ယောယုံက ဗျူဟာ စခန်း၊ ဖလန်းက ကာကင်းစခန်း” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော် – လွယ်ဂျယ်လမ်းမကြီး တလျှောက်က စစ်ကောင်စီ တပ်စခန်း ၇ နေရာကို မတ်လ ၂၇ ရက်နေ့ ကလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေ တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်တာမှာ ဗန်းမော် – လွယ်ဂျယ် လမ်းမအထက်က လော့်မွန် စစ်ကောင်စီစခန်းကို မနက် ၁၁ နာရီခွဲ ဝန်းကျင်ခန့်၊ လွယ်ဂျယ်မြို့ အထက်က စေတီကုန်းပေါ်ရှိ ဘန်ယောင်ဝ် ကာကင်းစခန်းကို ၁၂ နာရီ ဝန်းကျင်ခန့်နဲ့ ယောယုံဗျူဟာစခန်းက ရှန်တိုင်တောင်စစ်ကောင်စီကာကင်းခစန်းကို မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်တွေမှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးမောက် ဝါဝမ် စစ်ကောင်စီ ကာကင်းတပ်စခန်းကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
CJ – 008