မဲခေါင်၊ ဖေဖော်ဝါရီ ၁၅
တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ရတဲ့ ကရင်နီပြည်၊ ရှားတော့မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်သား ၁၆၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရှားတော့မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီး ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက်နဲ့ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆန်များ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ရှားတောြမို့အဝင် စေတီကုန်းပေါ်က စစ်ကောင်စီ ခမရ-၄၈၂ ရဲ့ ရှေ့တန်းအထိုင်စခန်းကို ဇန်နဝါရီ ၁၅ မှာ စတင်တိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက်မှာ ကရင်နီတော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။
မြို့အဝင်မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်နီတော်လှန်ရေးအဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ပြီးနောက် လက်နက်ချပြီး ပြည်သူ့ဘက်သို့ ကူပြောင်းရန်အတွက် ကမ်းလှမ်းဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားတွေဟာ ခံစစ်အတွက် ပြင်ဆင်တင်းခံနေပြီး အင်အား ၇၀ ကျော်ကိုလည်း ရဟတ်ယာဥ် ၃ စင်းနဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ ပို့ခဲ့တာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNDF ထုတ်ပြန်ချက်က ဆိုပါတယ်။
ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရှားတောမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ ရှားတောအခြေစိုက် ခမရ-၄၂၈၊ ခလရ-၄၂၉ နဲ့ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာတပ်၊ ရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒုရဲမှူးတွေအပါ ၁၆၀ ကျော်သေခဲ့တာလို့ ဆိုပါတယ်။
KNDF ရဲဘော် ၃ ဦးလည်း ကျဆုခဲ့သလို တခြားတပ်ဖွဲ့များမှ ရဲဘော်တွေလည်း ကျဆုံးမှုရှိခဲ့ပြီး ကျဆုံးသူတွေကို အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။
ရှားတောမြို့သိမ်းတိုက်ပွဲကို KA၊ KNDF နဲ့ လွိုင်ကော် PDF တို့က တစ်လနီးပါးကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop တွေ အသုံးပြုပြီး လေကြောင်းပစ်ကူ (၂၀၅)ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။