မဲခေါင်၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ တပ်တွင်း ဖရဲသီးတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင် အချိန်လောက်မှာ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ မိုင်တဲတာဝါတိုင်ကို ရွှေဘိုမြို့ တော်လှန်ရေး အင်အားစုတွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းကို မျှားခေါ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် နေ့လည် ၂ နာရီခန့်မှာ သံလမ်းဆုံ ဦးအောင်ဇေယျ ကြေးရုပ်ကြီး လမ်းမအတိုင်း စစ်ကောင်စီ စစ်ကြောင်းဟာ ချီတက်လာပြီး မိုင်းကွင်းအတွင်း ဝင်ရောက်လာတာကြောင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Buffalo Soldiers Freedom Force (BSFF)ရဲ့ တာဝန်ခံ ဗိုလ်ကျွဲကြီးက “ပထမစစ်ကြောင်းကို မိုင်းဆွဲနိုင်ခဲ့ပေမယ့် ဒုတိယတစ်ကြိမ် တက်လာတဲ့ ခမရ ၁၁ ကား ၂ စီးတက်လာတာကိုတော့ မတတ်နိုင်ခဲ့ဘူး။ အဲဒီ စစ်ကြောင်းက ဆိုင်ကယ် မရှိလို့ လမ်းဘေး ပြေးနေရတဲ့ ပြည်သူ ၂ ဦးကို ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရသူ ၂ ဦးဟာ လမ်းဘေးပြေးလွှားနေတဲ့ နွားကျောင်းသား တစ်ဦးနဲ့ လက်ဘက်ရည်ဆိုင်အတွင်း ဝင်ပုန်းနေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ပြီး ကျန်တဲ့ တစ်ဦးဟာလည်း ဖမ်းဆီးခံထားရတယ်လို့ ဗိုလ်ကျွဲကြီးက ဆက်ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးကို BSFF တပ်ဖွဲ့နဲ့အတူ ပ.လ.ဖ တာနောယက္ခစိုးကြီး အဖွဲ့၊ Magic Dragon ပျောက်ကြား တပ်ဖွဲ့တို့က ပူးပေါင်း ဖော်ဆောင်ခဲ့ပြီး အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က စစ်ဆင်ရေးအတွင်း သေဆုံးတာအပြင် ထိခိုက် ဒဏ်ရာရသူ ၂၀ ထက်မနည်းရှိပြီး လတ်တလော ရွှေဘိုမြို့ ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဖရဲသီးတွေဆီက သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်အတွင်း အင်အား ၅၀ လောက်နဲ့ တပ်စွဲထားပြီး ဖြတ်သန်းသွားလာသူ မှန်သမျှ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
CJ-007
#MeKongNews
#ရွှေဘို
#စစ်ကောင်စီ
#တိုက်ခိုက်
#စစ်ကြောင်း
#အရပ်သား








