မဲခေါင်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကနေ တိမ်းရှောင်ဖို့ ကြိုးစားနေတဲ့ လူအုပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ရာ ပြည်သူ အများအပြား ထိခိုက် သေဆုံးနိုင်တယ်လို့ မျက်မြင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လောက်ကိုင်မြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြို့တွင်းနေ ပြည်သူတွေ အလုံးအရင်းနဲ့ ထွက်ခွာနေတာ ဖြစ်ပြီး မြို့အထွက် တစ်ဆယ်တန်ဂိတ်နဲ့ ပါစင်ကျော်ကျေးရွာအနီးမှာ ရာနဲ့ချီ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
“လောက်ကိုင် အထွက် တစ်ဆယ်တန် ဂိတ်နားမှာ လက်နက်ကြီးကျတာ လူအများကြီး ထိတယ်။ အဲ့နားမှာက မနက်ခင်းပိုင်း ၉ နာရီလောက်ထိက အပြန်ကားတွေ လွှတ်ပေးနေတာလေ။ ပြန်မဲ့သူတွေက ညအိပ်စောင့်တဲ့ အဖွဲ့ရယ်၊ မနက်အစော သွားတိုးတဲ့ အဖွဲ့ရယ် ဆိုတော့ များတာပေါ့။ ကျွန်တော်လည်း အမြန်ပြန်လှည့်ပြေး လာရတော့ သေဆုံးမှု ရှိလား မရှိလားတော့ မသိဘူး။ ဒဏ်ရာရတဲ့ သူတွေတော့ တော်တော်လေးများတယ်” လို့ မျက်မြင် ကြုံတွေ့ခဲ့ရသူက ရှင်းပြပါတယ်။
တစ်ဆယ်တန်ဂိတ်နဲ့ ပါစင်ကျော် ကျေးရွာ အနီးမှာ ပိတ်မိနေတဲ့ စစ်ရှောင် လူအုပ်ဟာ ၅၀၀ ထက်မနည်းရှိပြီး လက်နက်ကြီးကျည်ဟာ လူအုပ်အလယ်နီးပါးကို ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လောက်ကိုင်မြို့နေ ပြည်သူတွေဟာ တစ်ဆယ်တန် ဂိတ်ကနေ တစ်ဆင့် ‘ဝ’ ပြည်နယ်ကို ဖြတ်သန်းပြီး လားရှိုးဘက် စစ်ဘေးရှောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေကြား ပိတ်မိနေတာ ဖြစ်ပါတယ်။
MNDAA ကတော့ ပါစင်ကျော်ကျေးရွာနား ပိတ်မိနေတဲ့ ဒေသခံတွေကို နိုဝင်ဘာ ၇ ရက်ကစပြီး ကယ်ဆယ်ရေး စတင် လုပ်ဆောင်ပေးနေပေမဲ့ စစ်ရှောင်ဦးရေ များပြားလွန်းတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
MK-007








