မဲခေါင်၊ နိုဝင်ဘာ ၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဒီကနေ့ ထပ်မံ သိမ်းပိုက်လိုက်ပြီလို့ MNDAA က ရုပ်သံ မှတ်တမ်းနဲ့ တကွ ထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၄ ရက်၊ မနက် ၁၀ နာရီခန့်က တုန်ရှမ်းဒေသမှာ အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စခန်း ၃ ခုကို ၁၀၂၇ စစ်ဆင်ရေး ၉ ရက်မြောက်အဖြစ် MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိမှုကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
လက်ရှိ ရှမ်းမြောက်ဒေသမှာ ညီနောင် မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ကိုးကန့် စစ်ကြောင်းတွေဟာ လောက်ကိုင်မြို့ကို ဦးတည် ချီတက်မှာ ဖြစ်တယ်လို့ MNDAA တပ်ဖွဲ့က အသိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းမြောက် ဒေသမှာ မြို့ ၅ မြို့နဲ့ စစ်ကောင်စီ တပ်စခန်းပေါင်း ၁၀၀ ကျော် သိမ်းပိုက်ထားနိုင်ပြီလို့ ညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံက သိရပါတယ်။
MK-007








