မဲခေါင်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ထဲက ငွေသားလက်ကျန် ကျပ်ငွေ သန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို လက်ခံ သိမ်းဆည်းထားတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ NUG ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာပါတယ်။
ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို NUG ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) နဲ့ နိုဝင်ဘာ ၈ ရက်မှာ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ရာ အဆိုပါအဖွဲ့က အခုလို ကျပ်ငွေ သန်း ၉၅၀ ကျော် လက်ခံ သိမ်းဆည်းထားတာကို တင်ပြခဲ့တာပါ။
NUG ကြားကာလ ဗဟိုဘဏ်အနေနဲ့ ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသား လက်ကျန် လက်ခံ သိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှု မရှိစေဖို့ စနစ်တကျ စီမံခန့်ခွဲမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကြားကာလ ဗဟိုဘဏ် အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်း စီမံချက် SOPs–Standard Operating Procedure အတိုင်း လိုက်နာ ဆောင်ရွက်နေတယ်လို့လည်း NUG က ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်-KIA၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
MK-009
#MekongNews
#ကောလင်း
#မြန်မာ့စီးပွားရေးဘဏ်
#NUG