မဲခေါင်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၅ ရက်နေ့မှာ တရုတ်အစိုးရဟာ အထူးလွှတ်တော်အစည်းအဝေးတစ်ရပ် ကျင်းပပြီး တစ်လကြာ လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်းကန်းနေရာမှာ အရင်ဝန်ကြီးဟောင်း ဝမ်ယိကို ပြန်လည်ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာကနေ အတည်ပြုကြေညာသွားပါတယ်။
အမေရိကန်ဆိုင်ရာ တရုတ်သံမှူးဟောင်းဖြစ်တဲ့ ချင်းဂန်းဟာ ဇွန် ၂၅ ရက်က ရုရှားလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ရူဒန်ကိုနဲ့ ပေကျင်းမှာ တွေ့ဆုံခဲ့ပြီးနောက် ထူးဆန်းစွာနဲ့ လူမြင်ကွင်းကနေ ပျောက်သွားခဲ့ပြီး ဘယ် အစည်းအဝေးအခမ်းအနားမှာ တက်ရောက်တာ၊ တရုတ်အစိုးရမီဒီယာတွေဆီမှာ ဖော်ပြတာ မတွေ့ရတော့ပါဘူး။
၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ချင်းကန်းဟာ ဝမ်ယိနေရာမှာ နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာခဲ့ပြီး ဇူလိုင် ၁၁ က အင်ဒိုနီးရှားမှာလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများညီလာခံကို မတက်ရောက်နိုင်တဲ့ဖြစ်စဉ်တုန်းက တရုတ် အစိုးရဟာ ကျန်းမာရေးအကြောင်းပြချက်ကြောင့်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အခု ချင်းကန်းနေရာ ဝမ်ယိကို ပြန်လည်ခန့်အပ်လိုက်ကြောင်းကို တရုတ်သမ္မတ ရှီကျင်းဖျင်ကိုယ်တိုင်က လက်မှတ်ထိုးအသိအမှတ်ပြုခဲ့ပေမယ့် ဘာကြောင့်ဆိုတာကိုတော့ ထုတ်ဖော်ရှင်းလင်းခြင်း မရှိခဲ့ပါဘူး။
MKF-001
#MeKongNews
#တရုတ်
#နိုင်ငံခြားရေး
#ချင်းကန်း
Ref: trtworld