မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးတွင် တောင်များကို ဖြိုချကာ မြေများ သယ်ယူရောင်းချနေသည့် လုပ်ငန်းအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဂတိလိုက်စားကာ မျက်ကွယ်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းတောင်ဖြိုမြေသယ်သည့် လုပ်ငန်းသည် ယမန်နှစ်က ဒေသခံများ တိုင်ကြားမှုကြောင့် တစ်ကြိမ် ရပ်ဆိုင်းခဲ့ရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သည့် အဆက်အသွယ်များကြောင့် ယခုအခါ ပြန်လည်လုပ်ကိုင်ခွင့် ရရှိနေခြင်းဖြစ်ပြီး တာဝန်ရှိသူများကလည်း တစ်စုံတစ်ရာ အရေးယူ စိစစ်ခြင်းမရှိဘဲ လျစ်လျူရှုထားကြောင်း သိရသည်။
မြေသယ်ကားများသည် ဆွတ်ဆိုင်ကျေးရွာအနီးရှိ တောင်ပေါ်မြေများကို ဖြိုချသယ်ယူပြီးနောက် တာချီလိတ် အနောက်မြို့ပတ်လမ်း၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ လယ်မြေနှင့် ယာမြေများသို့ သယ်ဆောင်ကာ မြေဖို့ခြင်းများ ပြုလုပ်နေကြခြင်းဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်အောင်မြေ (၂) ရပ်ကွက်စာရေးဘက်ကမူ မြို့ပတ်လမ်းတွင် ယာမြေများအား မြေဖို့ခြင်းကို ဦးစီးထံ တင်ပြအကြောင်းကြားထားပြီးဖြစ်ကြောင်း ဖြေဆိုထားသော်လည်း မြေနေရာပြောင်းလဲ အသုံးပြုခွင့်နှင့် တောင်ဖြိုခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများအပေါ် တာဝန်ရှိသူများဘက်က စစ်ဆေးကြပ်မတ်ခြင်း မရှိပေ။
ထိုသို့ တာဝန်ရှိသူများက မျက်ကွယ်ပြုထားမှုကြောင့် နေ့စဉ် ပြေးဆွဲနေသည့် မြေသယ်ကားကြီးများမှ ထွက်ပေါ်လာသော ဖုန်မှုန့်များ ထူထပ်စွာ တက်လာကာ လမ်းသွားလမ်းလာများနှင့် အနီးဝန်းကျင်ရှိ ပြည်သူများ သွားလာနေထိုင်ရေးတွင် အခက်အခဲများနှင့် ယာဉ်အန္တရာယ်များကို နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။
ဒေသခံများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပိုင်ရာဆိုင်ရာ အဆက်အနွယ်များ ပါဝင်ပတ်သက်နေမှုကြောင့် ထပ်မံတိုင်ကြားရန် စိုးရိမ်နေကြရပြီး ဌာနဆိုင်ရာများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ဥပဒေချိုးဖောက်မှုများကို မျက်ကွယ်မပြုဘဲ ထိရောက်စွာ စစ်ဆေးအရေးယူပေးရန် လိုလားနေကြသည်။
#MeKongNews
#တာချီလိတ်
#ဆွတ်ဆိုင်ရွာ
#တောင်ဖြိုမြေသယ်
#ဌာနဆိုင်ရာမျက်ကွယ်ပြုမှု
#အဂတိလိုက်စားမှု
#မိုင်းဖုန်း








