မဲခေါင်၊ ဧပြီ ၉
“ဝ” ဒေသအတွင်းရှိ ဓာတုစက်ရုံများ၊ ဖောက်ခွဲရေး ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများအားလုံးကို ယာယီပိတ်သိမ်းကာ လုံခြုံရေးဆိုင်ရာ စစ်ဆေးပြင်ဆင်မှုများ ပြုလုပ်ကြရန် “ဝ” အရပ်ဘက် ဖောက်ခွဲရေးပစ္စည်း စီမံခန့်ခွဲရေးရုံးက ဧပြီ ၈ ရက် ရက်စွဲဖြင့် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်လိုက်သည့်နေ့မှ စ၍ ပြည်နယ်တစ်ဝှမ်းရှိ ဓာတုစက်ရုံများအားလုံး ထုတ်လုပ်ရေး လုပ်ငန်းများကို ချက်ချင်း ရပ်နားရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် လုံခြုံရေးအန္တရာယ်များကို ပြီးပြည့်စုံအောင် စစ်ဆေးရန် ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ် ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယာယီ ပိတ်သိမ်းထားသည့် ကာလအတွင်း မည်သည့် လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မဆို ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ရေး လုပ်ငန်းများကို ပြန်လည်စတင်ခြင်း သို့မဟုတ် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် တားမြစ်ထားသည်။
အကယ်၍ အထက်ဖော်ပြပါ အမိန့်ကို လိုက်နာခြင်းမရှိဘဲ လျှို့ဝှက်စွာ ထုတ်လုပ်မှု ပြန်လည်စတင်ခြင်း သို့မဟုတ် ပြင်ဆင်မှု စစ်ဆေးမှုလုပ်ငန်းများကို မလိုက်နာပါက “ဝ” အခြေခံဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
လုံခြုံရေး စစ်ဆေးမှုနှင့်အတူ အတည်ပြုမှုများ ပြီးစီးပြီးနောက်မှသာ ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်မည်ဖြစ်ပြီး စတင်နိုင်မည့် ရက်စွဲကိုလည်း ကြေညာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၇ ရက်က UWSA ထိန်းချုပ်၊ ပန်ခမ်းမြို့နယ်၊ ယုံပန်းကျေးရွာရှိ ဟုံအန်း ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးခဲ့ရသည်။
#MeKongNews
#ဒေသတွင်း
#ဓာတုစက်ရုံ
#ဖောက်ခွဲရေးပစ္စည်း
#UWSA








