မဲခေါင်၊ ဇွန် ၂၆
ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်း-ဖယ်ခုံဒေသမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေး စတင်ပြုလုပ်နေပြီလို့ ရှမ်းတောင် (၁၀၀၈) တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
ပင်လောင်း-ဖယ်ခုံဒေသမှာ တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်ပေမဲ့ ယခင်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ပြန်လည် ရှင်းလင်းပြီး နယ်မြေစိုးမိုးမှုရအောင် ပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နယ်မြေရှင်းလင်းရေးနဲ့ စိုးမိုးရေးတွေကို ရှမ်းတောင် (၁၀၀၈) တပ်ရင်းနဲ့အတူ ဒေသခံ ကာကွယ်ရေးတပ်တွေဖြစ်တဲ့ (၁၀၀၅) တပ်ရင်း၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ရင်း (၁၁) နဲ့ မိုးဗြဲ (၁၀၀၁) တပ်ရင်းတို့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပင်လောင်းနဲ့ ဖယ်ခုံဒေသတွေမှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲတွေ ပြင်းထန်နေတာ ၃ လကျော် ကြာမြင့်နေပြီး စစ်ကောင်စီက အင်အားထောင်ဂဏန်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက နမ့်နိန်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် ဒေသခံ ပြည်သူ အများအပြားကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး လက်ရှိ နမ့်နိန်းကျေးရွာကို နောက်တန်းစခန်း အဖြစ် ခြေကုပ်ယူထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ အပြင် နေအိမ်တွေ မီးရှို့တာ၊ လူနေအိမ်တွေ ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူ ၃,၀၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် အတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်တွေကို စစ်ကူပေးဖို့ ပင်လောင်း-ဖယ်ခုံ ဒေသက တပ်ရင်း တစ်ချို့ ထွက်သွားပေမဲ့ အများစု ကျန်နေသေးပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။
MK-007
#MekongNews
#ပင်လောင်း-ဖယ်ခုံ
#နယ်မြေရှင်းလင်းရေး
#PNO-ပြည်သူ့စစ်