မဲခေါင်၊ ဧပြီ ၁၁
လက်နက်မဲ့အရပ်သားတွေအပေါ် လေကြောင်းကနေတိုက်ခိုက်ပြီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အကြောက်တရားနဲ့ဖိနှိပ်ဖို့ကြိုးစားတဲ့ ကိစ္စဖြစ်ပြီး ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ထောင်တွင်းတော်လှန်ရေးအင်အားစုတွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီနေ့ဧပြီလ ၁၁ရက် မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး လူရာနဲ့ချီသေဆုံးသွားတဲ့ ဖြစ်စဉ်ကို ရည်ညွှန်းပြီး ဒီထုတ်ပြန်စာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ဒါဟာ တရားမျှတမှုအတွက် ခံယူချက်၊ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်နေတဲ့ပြည်သူလူထုအပေါ် အကြောက်တရားနဲ့ ဖိနှိပ်တာဖြစ်တယ်လို့ အဲဒီထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒါဟာအကြောက်တရားကိုမဖြစ်စေဘဲ ပြည်သူတစ်ရပ်လုံးအတွက် တော်လှန်ရေးအပေါ် ခိုင်မာတဲ့ရပ်တည်ချက်နဲ့ မြဲမြံတဲ့သန္နိဌာန်ကိုသာ ဖြစ်စေပြီး စစ်ကောင်စီကိုပြင်းပြင်းထန်ထန်လက်တုံ့ပြန်ရင်း လုပ်ရပ်နဲ့သက်သေပြရမယ့်အချိန်ဖြစ်တယ်လို့ ထောင်တွင်းတော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ် တည်ဆောက်ရေးအတွက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေကို ဆက်လက်ပံ့ပိုးကူညီရင်းနဲ့ တိုက်ပွဲဝင်သွားရမယ်လို့ သူတို့သဘောထားကို ထုတ်ပြန်ထားပါတယ်။
MK – 004
#MeKongNews