ဇူလိုင် ၈၊ ၂၀၂၃
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ၊ ကွတ်ခိုင်မြို့ပြင်၊ နမ့်ပါချီးရွာအနီး ပါဂျိုရွာနဲ့ မန်ပြိန်းရွာကြား ဒီမနက် ၁၀ နာရီ ကျော်ခန့်က စစ်ကောင်စီနဲ့ KIA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနက် ၁၀ နာရီလောက်က လားရှိုး-သိန္နီဘက်က တက်လာတဲ့ စစ်ကောင်စီ ကားတန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီအဖွဲ့နဲ့(တိုက်ပွဲဖြစ်တာ)” လို့ ဒေသခံ ပြည်သူတဦးကပြောပါတယ်။
စစ်ကောင်စီကားတန်းကို KIA ဘက်က စောင့်ကြိုကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ တဦးက “မှန်တယ်။ ကွတ်ခိုင်၊ နမ့်ပါချီးရွာ အနီး ပါဂျိုနားမှာ တိုက်ပွဲ ဖြစ်တာ ဟုတ်တယ်” လို့ မဲခေါင်သတင်းဌာနကို အတည်ပြု ပြောကြားပါတယ်။
အဲ့ဒီတိုက်ပွဲဟာ သိန္နီနဲ့ကွတ်ခိုင်ကြား မန်ပြိန်းအထက်နားမှာ KIA တပ်မဟာ တပ်ရင်း ၂၉ နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အထိအခိုက်၊ ကျဆုံးတာတွေကိုတော့ မသိရသေးပါ။
ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာမှာဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာနေရာလည်း ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်ဟာ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ နဲ့ KIA၊ TNLA၊ MNDAA၊ PDF တို့ သွားလာလှုပ်ရှားရာ နေရာဖြစ်ပါတယ်။
CJ-008
#MeKongNews
#ကွတ်ခိုင်
#KIA
#စစ်ကောင်စီ