မဲခေါင်၊ ဇွန် ၂၆
ဒရုန်းစစ်သည်တော် ၅ သိန်းကို လေ့ကျင့်ပေးခြင်း၊ ရှေ့တန်းမျက်နှာစာ တပ်ဖွဲ့များထံ ထောင်နှင့်ချီသော မောင်းသူမဲ့ဒရုန်းစနစ်များ ဖြန့်ချိခြင်းများအပါအဝင် မြောက်ကိုရီးယားကို တန်ပြန်ရန် ၎င်းတို့၏ ဒရုန်းနှင့် ဒရုန်းတိုက်ဖျက်ရေး စွမ်းရည်များကို တောင်ကိုရီးယားက အလျင်အမြန် တိုးချဲ့သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။
ကြည်းတပ်၊ ရေတပ်၊ လေတပ် နှင့် မရိမ်းတပ်ဖွဲ့များ တွင် တပ်ဆင်ရန် ၂၀၂၉ ခုနှစ် အရောက်တွင် ဒရုန်းအစီးရေ ၁၁၀၀၀၀ ထုတ်လုပ်သွားရေးကို စစ်ဘက်က စီစဉ်ထားကာ ဒရုန်းများကို စစ်သားတစ်ချင်းစီ၏ အသုံးအဆောင်တစ်ခု ဖြစ်လာရန်လည်း ရည်မှန်းထားသည်။
“ဒရုန်းတွေဟာ စစ်ဘက်ရဲ့ အဖွဲ့တချို့ကသာ အသုံးပြုတတ်တာမျိုးမဟုတ်ဘဲ လူတိုင်းအတွက် တိုက်ပွဲဝင်လက်နက်တစ်မျိုး ဖြစ်သင့်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး အန်ဂျူဘက်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားပြီး တပ်ဖွဲ့များသည် ဒရုန်းများကို ဒုတိယပုဂ္ဂိုလ်ရေးလက်နက်များအဖြစ် အသုံးပြုသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
လုံခြုံရေးစိုးရိမ်မှုများကို တုံ့ပြန်ရာ၌လည်း တရုတ်နိုင်ငံထုတ် အစိတ်အပိုင်းများထက် ရာနှုန်းပြည့် ပြည်တွင်းဖြစ် အစိတ်အပိုင်းများဖြင့်သာ စစ်သုံးဒရုန်းများအား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး က ပြောသည်။
မောင်းသူမဲ့ လေယာဉ်ငယ်များသည် စစ်မြေပြင်တွင် ပွဲအဖြေကို ပြောင်းလဲပေးသူများဖြစ်ကြောင်း ယူကရိန်း-ရုရှားစစ်ပွဲ နှင့် အရှေ့အလယ်ပိုင်း စစ်ပွဲတို့မှ ရယူထားသော သင်ခန်းစာများ နှင့် အတူ ကိုရီးယားနှစ်နိုင်ငံစလုံးက ဒရုန်းစွမ်းရည်များတည်ဆောက်ရန် အရှိန်မြှင့်လုပ်ဆောင်နေကြချိန်မှာပင် ဆိုးလ်၏ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တန်ဖိုးနည်းဒရုန်း အမြောက်အမြား အသုံးပြုခြင်းသည် စစ်ပွဲ၏ သဘောသဘာဝကို အခြေခံကျကျ ပြောင်းလဲပစ်နေသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး က ပြောကြားပြီး မြောက်ကိုရီးယားကလည်း ဒရုန်းစွမ်းရည်များကို တိုးမြှင့်နေခြင်းကြောင့် တောင်ကိုရီးယား၏ စစ်ဘက်၊ အရပ်ဘက်နေရာဌာနများအပေါ် ခြိမ်းခြောက်မှုများ ကြီးမားလာကြောင်း ၎င်းက သတိပေး ပြောကြားသည်။
တောင်ကိုရီးယား၏ စီမံကိန်းတွင် လေဆာ နှင့် အင်အားပြင်းမိုက်ခရိုဝေ့ဖ် လက်နက်များကဲ့သို့ ဒရုန်းတိုက်ဖျက်ရေးစနစ်များ ထူထောင်ရေးလည်း ပါဝင်သည်။
အေးကျော်
Ref:Reuters
#MeKongNews
#မြောက်ကိုရီးယား
#တန်ပြန်
#ဒရုန်းစစ်သည်တော်
#တောင်ကိုရီးယား








