မဲခေါင်၊ ဧပြီ ၂၇
ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၀၀ နာရီ ၄၃ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယံဘူရာဖာလမ်း၊ ခရိုင် အရန်တပ်ရင်းရုံးချုပ်ရှေ့ စစ်ဆေးရေးဂိတ်အနီး မရောက်မီ အမှောင်ထုအတွင်း ရပ်ထားသည့် ပစ်ကပ်ထရပ်ကားကို ကင်းလှည့်အဖွဲ့က စစ်ဆေးခဲ့ရာ ဆာလာအိတ် ၇ အိတ်ဖြင့် ထုပ်ထားသည့် စိတ်ကြွမူးယစ်ဆေးပြား ၁၆၄၀၀၀၀ ဖမ်းဆီးရမိခဲ့သည်။
မသင်္ကာဖွယ်ရာ ပစ်ကပ်ကားကို ကင်းလှည့်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် ချင်းမိုင်လိုင်စင် နံပါတ်ပြားနှင့်ကားဖြစ်ကာ ကားအတွင်း ယာဉ်မောင်း အမျိုးသားမစ္စတာပိုင်ဘွန်း၊ ကန်ဂျနာနှင့် နမ်အွိုင်ဆိုသည့် အမျိုးသမီး ၂ ဦးတို့ကို တွေ့ရကာ မူးယစ်ဆေးများ တွေ့ရှိခဲ့သော်လည်းချင်းမိုင် မယ့်ချမ်းအရပ်မှ ကုန်ပစ္စည်းများကို ဖယာအိုခရိုင်သို့ ပို့ခိုင်းသဖြင့်သာ ပို့ဆောင်ခြင်းဖြစ်ပြီး မူးယစ်ဆေးများဖြစ်နေသည်ကို မသိရှိခဲ့ဟု ငြင်းဆိုခဲ့ကြသည်။
ထို့ကြောင့် ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးများကို ချင်းရိုင်ရဲစခန်းသို့ အပ်နှံပြီး မူးယစ်ဆေးကွန်ရက်ကိုပါ ဆက်လက် ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref:Maesaipres
#MeKongNews
#ချင်းမိုင်
#စိတ်ကြွဆေး
#ပစ်ကပ်ကား
#ဖမ်းမိ








