မဲခေါင်၊ ဧပြီ ၁၈
နိုင်ငံတစ်ဝှမ်းတွင် ဧပြီ ၂၀ ရက်အထိ နွေရာသီမုန်တိုင်းများ ကျရောက်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
အထူးသဖြင့် မြောက်ပိုင်းဒေသများ အပါအဝင် ပြည်နယ်ပေါင်း ၄၉ ခုတွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်နိုင်ခြေရှိကြောင်း သတိပေးထားသည်။
ထို့ပြင် ဘန်ကောက်မြို့တွင်လည်း ထိခိုက်နိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။
ယင်းမှာ တရုတ်နိုင်ငံမှ ဆင်းလာသော လေအေးစီးကြောင်းနှင့် ထိုင်းနိုင်ငံအတွင်းရှိ အလွန်အမင်းပူပြင်းသော လေပူတို့ ထိတွေ့ရာမှ ရာသီဥတု မတည်မငြိမ်ဖြစ်ကာ မုန်တိုင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မုန်တိုင်းဖြစ်နေချိန်အတွင်း ကွင်းပြင်များ၊ သစ်ပင်ကြီးများအနီးနှင့် မခိုင်ခန့်သော အဆောက်အအုံများအနီးတွင် နေထိုင်ခြင်းကို ရှောင်ကြဉ်ရန်နှင့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ သီးနှံစိုက်ခင်းများနှင့် မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိစေရေး ကြိုတင် ကာကွယ်ထားရန် ထိုင်းမိုးလေဝသက တိုက်တွန်းထားသည်။
ယမန်နေ့တွင်လည်း နွေရာသီမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်မှုကြောင့် ကဘင်ဘူရီခရိုင်အတွင်းရှိ ဓာတ်တိုင် ၂၄ တိုင် ပြိုလဲခဲ့ပြီး ဆူဝမ်နဆွန် လမ်းမကြီးတစ်လျှောက် အသွားအလာ ပြတ်တောက်ကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ခရိုင်အတွင်းရှိ နေရာအတော်များများတွင် လျှပ်စစ်မီးများ ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်ခဲ့ပြီး လျှပ်စစ်မီးကို ညဉ့်နက်ပိုင်းတွင် ပြန်လည်ရရှိခဲ့သော်လည်း လမ်းပေါ်ရှိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကိုမူ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
Ref: Khaosod
#MeKongNews
#နိုင်ငံတစ်ဝှမ်း
#နွေရာသီမုန်တိုင်း
#ထိုင်း
#သတိပေး








