မဲခေါင်၊ မတ် ၂၈
အီရန်အပေါ် အမေရိကန် စစ်ဆင်ရေးများသည် ထပ်မံ၍ လနှင့်ချီကာ ကြာမြင့်မည်မဟုတ်ဘဲ သီတင်း ၂ ၊ ၃ ပတ် အတွင်း အပြီးသတ်နိုင်ကြောင်းနှင့် မြေပြင်တပ်ဖွဲ့များကို အသုံးပြုစရာမလိုဘဲလည်း ဝါရှင်တန်၏ ရည်မှန်းချက်များ ပေါက်မြောက်နိုင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောသည်။
ထိုအတောအတွင်းမှာပင် ဆော်ဒီနိုင်ငံမှ စစ်အခြေစိုက်စခန်းတစ်ခုကို အီရန်ကတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု အမေရိကန် အရာရှိကြီးတစ်ဦးက ပြောသည်။
အီရန်စစ်ပွဲသည် ၎င်းတို့မျှော်မှန်းထားသော အချိန်ဇယားအတိုင်း ဖြစ်ပေါ်နေကြောင်း သို့မဟုတ် ရှေ့ရောက်နေကြောင်းနှင့် လနှင့်ချီ၍ ထပ်မံကြာမြင့်မည် မဟုတ်ဘဲ ၂၊ ၃ ပတ်အတွင်း အပြီးသတ်နိုင်ကြောင်း မာကိုရူဘီယိုက ပါရီမြို့ G 7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဆိုသည်။
မြေပြင်တပ်ဖွဲ့များ အသုံးမပြုဘဲ အီရန်စစ်ဆင်ရေး ရည်မှန်းချက်များ ပေါက်မြောက်အောင် အမေရိကန်က လုပ်ဆောင်နိုင်သည် ဆိုသော်လည်း မထင်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါက ကိုင်တွယ်နိုင်ရေး သမ္မတအတွက် ရွေးချယ်စရာ အများဆုံးပေးရန် တပ်ဖွဲ့မျာကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်နေခြင်း ဖြစ်ကြောင်း မာကိုရူဘီယိုက ဆက်ပြောသည်။
လက်ရှိပဋိပက္ခ အဆုံးသတ်သွားလျှင်လည်း အီရန်က ဟောမုဇ်ရေလက်ကြား ဖြတ်သန်းခ ကောက်ခံနိုင်ကြောင်းကိုလည်း ရူဘီယိုက G 7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးကာ ရေလက်ကြားကုန်သွယ်ရေးမှ အကျိုးအမြတ် ရရှိနေသော ဥရောပနှင့် အာရှနိုင်ငံများအနေဖြင့် အခမဲ့ ဆက်လက် ဖြတ်သန်းနိုင်ရန် ရေလက်ကြား လုံခြုံရေးကို ပါဝင် ကူညီပေးသင့်သည်ဟု ရူဘီယိုက ဆက်ပြောပြီး အမေရိကန်၏ ရေလက်ကြားအပေါ် မှီခိုမှုကို လျှော့ပေါ့ ပြောဆိုသွားခဲ့သည်။
အေးကျော်
Ref: Reuters
#MeKongNews
#မြေပြင်တပ်ဖွဲ့များ
#အီရန်စစ်ပွဲ
#အပြီးသတ်
#အမေရိကန်








