မဲခေါင်၊ မတ် ၂၂
စစ်ပွဲ စတင်ခဲ့ပြီးနောက် အလှည့်အပြောင်းများလာသည့် စစ်ရှိန်မြင့်တက်မှုတွင် အစ္စရေး၏ အဓိက နျူကလီးယားစခန်းတည်ရှိရာ ဒီမိုနာမြို့ နှင့် အနီးအနားမှ အာရက်မြို့နယ်တို့ကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးကယ်ဆယ်ရေးသမားများက ပြောကြားကြသည်။
ယင်း ၂ မြို့နယ်အား တိုက်ခိုက်မှုမှာ ယမန်နေ့ အစောပိုင်းတွင် အီရန်မှ နာတန့်ဇ် နျူကလီးယားသန့်စင်စခန်း တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း အီရန်အစိုးရရုပ်သံက ပုံဖော်ပြောကြားသည်။
အာရက်မြို့တွင် အနည်းဆုံး လူ ၈၈ ဦး ဒဏ်ရာရရှိခဲ့ကာ ၁၀ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု အစ္စရေး အရေးပေါ်ဌာနက ပြောကြားပြီး မြို့လယ်တွင်လည်း ပျက်စီးမှု ကြီးမားခဲ့သည်။
ဒီမိုနာမြို့တွင်လည်း လူပေါင်း ၃၉ ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းတွင် လက်နက်အပိုင်းအစ ထိမှန်မှုဒဏ်ရာ အများအပြားဖြင့် စိုးရိမ်ရသော အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံအတွက် ခက်ခဲသော ညနေတစ်ခုဖြစ်ကြောင်း ယင်းမြို့နယ် ၂ ခု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်ကဆိုပြီး အီရန်တွင် ကလေးငယ် ၂၀၀ ခန့် အပါအဝင် လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့သည့် စစ်ပွဲကို ဆက်လက်ဆင်နွှဲမည်ဟု ပြောကြားသည်။
အီရန်ဒုံးကျည်များမှာ ၎င်းတို့နှင့် အကျွမ်းတဝင် ရှိပြီးသားဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင်လည်း အစ္စရေး ဒုံးကျည်ကာကွယ်ရေးစနစ်များကို အသုံးချခဲ့သော်လည်း ဒုံးကျည်အချို့ကို မတားဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက် ပြောခွင့်ရသူတစ်ဦးက ဖွင့်ဟသည်။
“ဒီမိုနာနဲ့ အာရက် ၂ မြို့စလုံးမှာ ဒုံးခွင်းဒုံးတွေကို ပစ်လွှတ်ခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေကို မထိခဲ့ပါဘူး။ ဒါနဲ့ပဲ ကီလိုဂရမ်ရာနဲ့ချီတဲ့ ပဲ့ထိန်းဒုံးကျည်ထိပ်ဖူး ၂ ခု တိုက်ရိုက် ထိမှန်ခံခဲ့ရပါတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားကြသည်။
ဒီမိုနာမြို့တွင်ရှိသော ရှီမွန်ပီရက်ဇ်နီဂက် နျူကလီးယား သုတေသနစင်တာတွင် ပျက်စီးမှုလက္ခဏာများအကြောင်း မကြားရသလို ယင်းဧရိယာတွင် ရေဒီယိုသတ္တိကြွမှု မြင့်တက်လာခြင်းလည်း မရှိကြောင်း၊ သို့သော် အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) က ထုတ်ပြန်ခဲ့သည်။
ယင်းနေ့အစောပိုင်းတွင် နာတန့်ဇ်ယူရေနီယံ သန့်စင်စခန်းကို အမေရိကန်နှင့် အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်က ပြောကြားပြီး ရေဒီယိုသတ္တိကြွဓာတ်ယိုစိမ့်မှု ရှိသည်ဟု မကြားရပေ။
အေးကျော်
Ref: Al Jazeera, AFP
#MeKongNews
#အစ္စရေး
#နျူကလီးယားစခန်း
#အီရန်ဒုံးကျည်
#ဒဏ်ရာရ








