မဲခေါင်၊ မတ် ၂၂
ဖေဖော်ဝါရီ ၂၈ ရက်မှ စတင် တိုက်ခိုက်ခဲ့သော အီရန်စစ်ပွဲသည် ရည်မှန်းချက်များ ပြည့်မြောက်လုနီးပြီ ဖြစ်သောကြောင့် အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၂၀ ရက် ညနေ ပိုင်းက ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့သော်လည်း ၎င်းသည် အရှေ့အလယ်ပိုင်း၌ တိုက်ခိုက်မှုစွမ်းရည် ပိုမိုပြည့်၀ရေးအတွက် လွှတ်တော်ထံမှ ဘတ်ဂျက် ဒေါ်လာ ဘီလီယံ ၂၀၀ ထပ်မံ တောင်းဆိုထားကြောင်း သိရသည်။
ထရမ့်သည် အီရန်စစ်ပွဲ ပြီးဆုံးလုနီးပြီဟု တစ်ဖက်တွင် ပြောနေသော်လည်း အမေရိကန် လွှတ်တော်မှ အရှေ့အလယ်ပိုင်းဒေသအတွင်း တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်နိုင်ရေး ဒေါ်လာ ဘီလီယံ ၂၀၀ တောင်း ဆိုထားသလို လက်ရှိ အရှေ့အလယ်ပိုင်းတွင် အမေရိကန်စစ်သား ၅၀၀၀၀ ရှိနေသည့်ကြားမှ ကုန်း – ရေ နှစ်သွယ်သွား စစ်သင်္ဘော ၃ စီးနှင့် အတူ မရိန်းတပ်သား ၂၅၀၀ ကိုလည်း စေလွှတ်ထားပြီး ဖြစ်သောကြောင့် အီရန်အား ကုန်းတွင်းထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ဖွယ်ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
အီရန်၏ ဒုံးကျည်စွမ်းရည်များ၊ လောင်ချာစနစ်များအပါအဝင် စစ်ရေးစွမ်းအားသည် ကျ ဆင်းသွားပြီ ဖြစ်ကြောင်း၊ အီရန် စစ်ဘက်အခြေစိုက် နေရာများကို ဖျက်ဆီးပြီးကြောင်း၊ မည်သည့် အခါတွင်မျှ နျူကလီးယားလက်နက် ပိုင်ဆိုင်စေရန် မဖြစ်နိုင်တော့ဘဲ ပြန်လည်ပိုင်ဆိုင်ရန် ကြိုးပမ်းပါက အချိန်မရွေး ဖျက်ဆီးနိုင်သည်အထိ စစ်အင်အား ချည့်နဲ့စေရန် လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း၊ နောက်ဆုံးရည်မှန်းချက် ပြည့် မြောက်လုနီးနေသဖြင့် တိုက်ခိုက်မှုများ အဆုံးသတ်ရန် နီးစပ်လာပြီဖြစ်ကြောင်း၊ ပင်လယ်ကွေ့ဒေသရှိ လက်တွဲဖက် အစ္စရေး၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်နှင့် အခြားနိုင်ငံများအတွက် အဆင့်အမြင့်ဆုံး အကာအကွယ်ပေးသွားရန် စီစဉ်မည်ဖြစ်ကြောင်း ထရမ့်က ရေးခဲ့သည်။
လက်ရှိတွင် အီရန်ဘက်မှ ရေမြှုပ်ဗုံးအပါအဝင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟုဆိုကာ ပိတ်ထားသည့် ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးအပါဆုံး ဟော်မုဇ်ရေလက်ကြား အနာဂတ်အရေးကိုလည်း ထရမ့်က ပြောဆိုခဲ့ရာတွင် ထိုရေလက်ကြားကို အသုံးပြုသည့်နိုင်ငံများက မူဝါဒ၊ ကာကွယ်စောင့်ရှောက်မှုများကို လိုအပ်သလို တာဝန်ယူကြရမည်သာဖြစ်ကာ မိမိတို့အမေရိကန်က ထိုထဲ ပါဝင်စရာမရှိဟု ဆိုသလို အကူအညီ လိုအပ်သဖြင့် တောင်းဆိုလာလျှင် ပါဝင်ကူညီသွားရန် အသင့်ပြင်ဆင်ထားမည်ဟုလည်း ပြောခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်စစ်ပွဲ
#စစ်အသုံးရိတ်
#ဒေါ်လာ
#ထရမ့်








