မဲခေါင်၊ ဖေဖော်ဝါရီ ၈
ယနေ့ ကျင်းပသည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် မဲအရေအတွက် ၃၁ ရာခိုင်နှုန်းကို ရေတွက် ပြီးစီးချိန်တွင် လက်ရှိ ယာယီဝန်ကြီးချုပ် အနုတင်၏ ဘွန်ဂျိုင်ထိုင်းပါတီက ရှေ့က ဦးဆောင်နေပြီး အစိုးရသစ်ဖွဲ့ စည်းနိုင်မည့် အခြေအနေ ရှိနေသောကြောင့် မိမိတို့ ပြည်သူ့ပါတီ – People’s Party အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် အလားအလာ နည်းပါးသွားပြီဖြစ်ကြောင်း ပါတီခေါင်းဆောင် နက်သာဖောင်ရွန်ပညာဝတ်က ဝန်ခံ ပြောကြားလိုက်သည်။
အကယ်၍ ဘွန်ဂျိုင်ထိုင်းပါတီက အစိုးရဖွဲ့နိုင်ခဲ့ပါက ၎င်းတို့ပါတီအနေဖြင့် အတိုက်အခံနေရာမှ ရပ်တည်သွားရန် အသင့်ရှိကြောင်းလည်း နက်သာဖောင်က ဆိုသည်။
ထို့ပြင် ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင်ချန်ဗီရာကူးလ်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသွားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
မဲအရေအတွက် ၃၁ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသော ကိန်းဂဏန်းများအရ ဘွန်ဂျိုင်ထိုင်းပါတီသည် နယ်မြေအလိုက် ယှဉ်ပြိုင်ရသော နေရာများတွင် ရှေ့က ဦးဆောင်နေပြီး ပြည်သူ့ပါတီကမူ ပါတီအလိုက်မဲပေးစနစ်တွင် ထိပ်ဆုံးမှ ပြေးနေသည်။
ပြည်သူ့ပါတီသည် ဘန်ကောက်မြို့တွင် အားကောင်းသည့် ရလဒ်များ ရရှိခဲ့သော်လည်း အတိုက်အခံအဖြစ်သာ ရပ်တည်ရန် ပြင်ဆင်နေကြောင်းနှင့် ဘွန်ဂျိုင်ထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ပါဝင်မည် မဟုတ်ကြောင်း အတိအလင်း ငြင်းဆိုလိုက်သည်။
Ref: Thai Enquirer
#MeKongNews
#မဲရလဒ်
#ရွေးကောက်ပွဲ
#အနိုင်မရ
#ပြည်သူ့ပါတီ
#ဝန်ခံ








