မဲခေါင်၊ ဖေဖော်ဝါရီ ၅
နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် – New START ယခု သီတင်းပတ်တွင် သက်တမ်း ကုန်ဆုံးသွားပြီးနောက် အမေရိကန် – ရုရှား နျူကလီးယား လက်နက်များကို ထိန်းချုပ်မှု မရှိတော့သောကမ္ဘာ၏ ပကတိ အခြေအနေအတွက် ရုရုားက အသင့်ရှိနေသည်ဟု လက်နက်ထိန်းချုပ်ရေး ကိစ္စတွင် မော်စကိုဘက်က အဓိကလူဖြစ်သည့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရီယာကော့ဗ်က ပြောသည်။
၂ နိုင်ငံကြား နောက်ဆုံးအချိန်တွင် ကပ်၍ နားလည်မှုယူခြင်းမျိုး မရှိခဲ့ပါက ၂၀၁၀ ပြည့်နှစ် သမ္မတ အိုဘားမားလက်ထက်က နောက်ဆုံး သက်တမ်းတိုးခဲ့သော New START စာချုပ် ယနေ့တွင် သက်တမ်း ကုန်ဆုံးသွားပြီး နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များအပေါ် မည်သည့် အကန့်အသတ်မှ မရှိသော ပထမဆုံး အခြေအနေ ဖြစ်ပေါ်လာမည် ဖြစ်သည်။
“ဒါဟာ ကာလအသစ်တစ်ခု ၊အခြေအနေသစ်တစ်ခုဖြစ်ပြီး ကျနော်တို့က အဲဒီအတွက် အသင့်ဖြစ်နေပါပြီ”ဟု မဟာဗျူဟာတည်ငြိမ်မှု ဆွေးနွေးရန် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း မစ္စတာရီယာကော့ဗ်က ရုရှားသတင်းဌာနများကို ပြောသည်။
New START စာချုပ်အရ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများ ဖြန့်ကြက်မှုအား အရေအတွက် ၁၅၅၀ သာ ထားရှိရန် ကန့်သတ်ထားခဲ့သည်။
ယင်းစာချုပ်အား သက်တမ်းကုန်ဆုံးခွင့် ပြုမည့်သဘောမျိုး နယူးယောက်တိုင်းမ်းနှင့် ပြီးခဲ့သည့်နှစ်က အင်တာဗျူးတွင် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
စာချုပ်သက်တမ်း ကုန်သွားပြီးနောက် မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို စဉ်းစားချိန်ရရန် တစ်နှစ်တာအတွင်း လက်နက်များ၊ ထိပ်ဖူးများ ကန့်သတ်ထားခြင်းကို ဆက်လက် လိုက်နာသွားကြမည်ဟု မော်စကိုဘက်က အဆိုပြုထားခြင်းကိုလည်း ထရမ့်က တရားဝင်တုံ့ပြန်မှု မလုပ်ကြောင်း သိရသည်။
“အဖြေထွက်မလာတာကလည်း အဖြေတစ်ခုဖြစ်ပါတယ်” ဟု ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
စာချုပ်သက်တမ်း ကုန်ဆုံးသွားခြင်းသည် နျူထိပ်ဖူး ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ခြင်းသာမက တစ်ဖက်နှင့် တစ်ဖက်အပေါ် ယုံကြည်မှု၊ နျူကလီးယား ရည်မှန်းချက်များအား စိစစ်နိုင်စွမ်းများကိုလည်း ပျက်စီးသွားစေနိုင်သည်ဟု မော်စကိုနှင့် ဝါရှင်တန်မှ လက်နက်ထိန်းချုပ်ရေးကို ထောက်ခံသူများက ပြောကြားကြသည်။
အချို့ကလည်း နျူလက်နက်ပြိုင်ပွဲ ဖြစ်လာမည်ကို စိုးရိမ်ကြသည်။
“ကွန်ဂရက်က အရေးတယူ မလုပ်ဘူးဆိုရင် အမေရိကန်နှင့် ရုရှားကြားက နောက်ဆုံး နျူကလီးယားလက်နက် ထိန်းချုပ်ရေး စာချုပ်သက်တမ်း ကုန်သွားပါလိမ့်မယ်။ ဒါဟာ ဆယ်စုနှစ်များစွာ လုပ်ခဲ့တဲ့ သံတမန်ရေးကို ဖယ်ရှားပစ်လိုက်ပြီး နောက်ထပ် လက်နက်ပြိုင်ပွဲ အသစ်တစ်ခုကို စတင်သွားနိုင်ပါတယ်” ၂၀၁၀ ပြည့်နှစ်တွင် ထိုစဉ်က ရုရှားသမ္မတ မက်ဒ်ဗီဒက်နှင့်အတူ စာချုပ်ကိုသက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့သော အိုဘားမားက X လူမှုကွန် ရက်ပေါ်တွင် ပြောသည်။
အကယ်၍ အမေရိကန်က ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဂရင်းလန်းသို့ စုပြုံပို့ဆောင်ခဲ့ပါက ၎င်းအခြေအနေကို ကာမိရန် ရုရှားကလည်း စစ်ရေးအရ တုံ့ပြန်မှုများ လုပ်သွားရလိမ့်မည်ဟုလည်း ရီယာကော့ဗ်က ပြောသည်။
အေးကျော်
Ref: Reuters
#MeKongnews
#နျူကလီးယား
#အကန့်အသတ်မဲ့
#ကမ္ဘာသစ်
#အသင့်ရှိ
#ရုရှားပြော








