မဲခေါင်၊ ဖေဖော်ဝါရီ ၂
ကမ္ဘာတစ်ဝန်းရှိ လူများအား ပစ်မှတ်ထားနေသော နယ်စပ်ဖြတ်ကျော် ငွေလိမ်မှုဆိုင်ရာ ခိုင်လုံသည့် သက်သေ အထောက်အထားများကို ကိုးကား၍ နိုင်ငံပေါင်း ၂၀ မှ စစ်သံမှူးများနှင့် အမေရိကန် FBI အရာရှိများ မျက်မြင် စစ်ဆေးနိုင်ရန် ထိုင်း – ကမ္ဘောဒီးယား နယ်စပ်ရှိ သံသယဖြစ်ဖွယ် ငွေလိမ်ဂိုဏ်း စခန်းများကို ထိုင်းစစ်ဘက် ထောက်လှမ်းရေး အကြီးအကဲက ယနေ့တွင် လိုက်လံ ပြသခဲ့သည်။
ယခု ခရီးစဉ်သည် ဆူရင်ပြည်နယ်၊ ချောင်ချွန် – အော်စမတ်ချ် နယ်စပ်ဒေသအတွင်း ဖြစ်ပွားနေသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအား ရှင်းလင်း တင်ပြရန် ရည်ရွယ်သည့် ‘Open House’ မစ်ရှင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ကြည်းတပ် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီရနန် နန်တာခွမ်က ပြောကြားခဲ့သည်။
ယင်းကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ အပြင် ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေးကို ကြီးကြပ်နေသည့် ထိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း ပါဝင်ကြသည်။
အဖွဲ့သည် ချောင်ချွန် အမြဲတမ်းနယ်စပ်ဂိတ်၏ တစ်ဖက်ခြမ်းရှိ အော်စမတ်ချ် အပန်းဖြေစခန်းနှင့် Royal Hill အဆောက်အအုံဝင်းတို့ အပါအဝင် နေရာများကို စစ်ဆေးခဲ့ကြသည်။
အာဏာပိုင်များ၏ အဆိုအရ ထိုနေရာများသည် အကြီးစား ငွေလိမ်ဂိုဏ်း ဗဟိုဌာနများအဖြစ် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးသူများသည် ရဲစခန်းအတုများနှင့် ဘဏ်အတုများ၊ နိုင်ငံအများအပြားမှ သားကောင်စာရင်းများ၊ ရဲယူနီဖောင်းများနှင့် စွန့်ပစ်ထားသော ကိုယ်ပိုင်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး ယင်းတို့မှာ စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ထားသည့် လုပ်ငန်းများဖြစ်ကြောင်း သက်သေပြနေသည်။
တွေ့ရှိချက်များအရ ယင်းဒေသသည် နိုင်ငံအများအပြားမှ သားကောင်များကို ထိခိုက်စေသည့် စနစ်တကျ ဖွဲ့စည်းထားသော ငွေလိမ်ဂိုဏ်း ဗဟိုချက်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သီရနန်က ပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က သက်သေအထောက်အထား အားလုံးကို သိမ်းဆည်းထားပြီး ထိုနယ်မြေသို့ ဝင်ထွက်သွားလာခွင့် လွယ်ကူအောင် ထိုင်းစစ်တပ်က ဆက်လက် ထိန်းချုပ်ထားသည်။
ယမန်နှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲများ နောက်ပိုင်း လူအများအပြား ပြောင်းရွှေ့ခြင်း မတိုင်မီအထိ လူဦးရေ ၈ ထောင်မှ တစ်သောင်းခန့်အထိ ပါဝင်ပတ်သက်နေကြောင်း ထောက်လှမ်းရေး ခန့်မှန်းချက်များအရ သိရသည်ဟု သီရနန်က ဆက်လက် ပြောကြားခဲ့သည်။
ကျားဖြန့်ဆက်စပ်မှုများနှင့် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများမှာမူ ဆက်လက် လုပ်ဆောင်ဆဲ ဖြစ်သည်။
Ref: Khaosod English
#MeKongNews
#ကမ္ဘောဒီးယားနယ်စပ်
#ကျားဖြန့်ဂိုဏ်း
#FBI
#စစ်သံမှူး
#ထိုင်းအရာရှိများ








