မဲခေါင်၊ ဇန်နဝါရီ ၆
ဇန်နဝါရီ ၃ ရက်က ကရာကက်စ်မြို့တွင် အမေရိကန်တပ်များ ဝင်ရောက် ဖမ်းဆီးခြင်းခံခဲ့ရသည့် ဗင်နီဇွဲလားသမ္မတ မာဒူရိုနှင့် ဇနီးတို့ကို ဇန်နဝါရီ ၅ ရက်၌ နယူးယောက် တရားရုံးတွင် စတင် အမှုစစ်ဆေးရာ ၎င်းသည် ဗင်နီဇွဲလား သမ္မတအဖြစ် ရှိနေဆဲဖြစ်ကြောင်းနှင့် အမေရိကန် စွပ်စွဲသည့် မူးယစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီးလည်း ငြင်းဆိုခဲ့သည်။
ယင်းတရားခွင်တွင် ကင်မရာများ ယူဆောင် ရိုက်ကူးခွင့်မပေးသဖြင့် BBC မှ ပုံတူပန်းချီရေးဆွဲခိုင်းပြီး ဖော်ပြရာ မာဒူရိုသည် ထောင်ဝတ်စုံပြာ၊ လက်ထိပ်ခတ်လျက်နှင့် တရားရင်ဆိုင်နေပြီး အနီးတွင် ဇနီးကလည်း ထောင်ဝတ်စုံဖြင့် ထိုင်နေသည်ကို တွေ့ရသည်။
စကားပြန်များထားပေးပြီး အမှု စစ်ဆေးရာ လက်ရှိ ဗင်နီဇွဲလားတွင် ၎င်း၏လက်ရုံး ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကယာယီသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီး ဖြစ်သော်လည်း မိမိသာ ဗင်နီဇွဲလား သမ္မတအဖြစ် ရှိနေဆဲဟု မာဒူရိုက ထွက်ဆိုသွားခဲ့သည်။
ယင်းအမှု ရင်ဆိုင်နေရစဉ်အတွင်း မာဒူရို၏သား ဗင်နီဇွဲလားလွှတ်တော်အမတ် နီကိုးလပ်စ်မာဒူရို ဂွါရာက နိုင်ငံ တစ်နိုင်ငံ၏ ခေါင်းဆောင်အား အမေရိကန်က ပြန်ပေးဆွဲ ခေါ်ဆောင်သွားမှုကို ကြည့်လျှင် အမေရိကန် အလိုမလိုက်ပါက ယနေ့ ဗင်နီဇွဲလား၊ နောက်နေ့ မည်သည့်နိုင်ငံက ခေါင်းဆောင်ဖြစ်ပါစေ အလှည့် ရောက်လာမည် ဖြစ်ကြောင်း၊ ဒေသတွင်းပြဿနာ အဆင့်မဟုတ်ဘဲ ကမ္ဘာ့တစ်ဝန်းအဆင့် ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ မိမိ၏ ဖခင်နှင့် မိခင်ကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref:BBC
#MeKongNews
#မာဒူရို
#စွဲချက်
#ငြင်းဆို
#သမ္မတ








