လားရှိုးမှာ စစ်ကောင်စီနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို လက်ခံတွေ့ဆုံတာ မရှိသေးလို့ MNDAA ငြင်းဆို
မဲခေါင်၊ ဒီဇင်ဘာ ၄
လားရှိုးနယ်မြေထဲ စစ်ကောင်စီနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ဝင်ရောက်လာတာမျိုးမရှိသေးသလို လက်ခံတွေ့ဆုံတာမျိုးလည်းမရှိကြောင်း MNDAA ပြန်ကြားရေးနဲ့ နီးစပ်သူတစ်ဦးက ငြင်းဆိုပါတယ်။
မနေ့က(ဒီဇင်ဘာ၃) ချက်ချင်းအပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးမယ် ဆိုတာကို MNDAA ကထုတ်ပြန်ပြီးနောက် ဒီနေ့မနက် လားရှိုးမှာ မြန်မာနိုင်ငံအလံ ပြန်လည်လွှင့်ထူထားကြောင်းနဲ့ စစ်ကောင်စီနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ လားရှိုးမြို့ထဲ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကို MNDAA နဲ့ နီးစပ်သူက ငြင်းဆိုတာဖြစ်ပါတယ်။
“ လမ်းလယ်အဝိုင်းတွေ၊ ဆေးရုံ၊ အားကစားကွင်း၊ လေဆိပ်အဆောက်အဦးတွေမှာ မြန်မာနိုင်ငံအလံတွေ ထူလာနေတာတွေ့ရတယ်”လို့လားရှိုး ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂ရက်ကတည်းက ချင်းရွှေဟော်မှာ MNDAA က မြန်မာနိုင်ငံအလံပြန်တင်တဲ့ video file ကို လူမှုကွန်ယက်မှာထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။
MNDAA ရဲ့ပြန်ကြားရေးနဲ့နီးစပ်သူ တစ်ဦးကတော့MNDAA က “မြန်မာနိုင်ငံတော်အလံကို ယခင်ကတည်းကသုံးပါတယ်၊ အခုမှ ထူးထူးခြားခြားလွှင့်တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံအလံလွှင့်တင်ခြင်းဟာ ပြည်ထောင်စုထဲက ခွဲမထွက်ပဲဖယ်ဒရယ်မူအတိုင်း တိုင်း ရင်းသားညီအစ်ကိုတွေနဲ့ အတူညီညီညွတ်ညွတ် လွတ်လပ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” လို့ပြောပါတယ်။
ဒိအပြင် ကုန်စည်သယ်ပို့မှု လွယ်ကူ မြန်ဆန်စေဖို့အတွက် လားရှိုး-နမ္မတူ ကြားက အီနိုင်းတံတားနဲ့နမ္မတူ-သီပေါ ကြားက မိုးတေတံတားတို့ကို နိုဝင်ဘာ ၈ ရက်ကစပြီး MNDAAနဲ့ နိုဝင်ဘာ ၂၅ ရက်ကငြိမ်းချမ်းရေးဆွေးနွေးဖို့ထုတ်ပြန်ထားတဲ့TNLAတို့ ပူးပေါင်းကာ ပြန်လည်ပြုပြင်နေကြတယ်လို့ MNDAAရဲ့ ပြန်ကြားရေးနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
လားရှိုးမြို့အခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး အုပ်ချုပ်ရေးအပိုင်းမှာလည်းအရင်က ရပ်ကွက်လုံခြုံရေးအဖွဲ့တွေနဲ့အတူတူ အခြားမြို့ရွာ မူခင်းကိစ္စတွေကို အထူးဒေသ(၁) ရဲတပ်ဖွဲ့က ပူပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒါပေမယ့်ရပ်ကွက်တွေထဲမှာတော့ MNDAA ကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး စစ်ထွက်၊ ရဲထွက်နဲ့ ဝန်ထမ်းထွက်တွေကိုလိုက်လံစာရင်း ကောက်ယူနေကြောင်း သိရပါတယ်။
လားရှိုးကိုပြန်လာကြတဲ့ စစ်ရှောင်တွေကို MNDAA ခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မြန်မာစစ်တပ်ထောက်ခံသူ ဟုတ်၊ မဟုတ်၊ စစ်မှုထမ်း ၊ရဲမှုထမ်း ဟုတ်၊ မဟုတ်၊ CDM မလုပ်တဲ့ စစ်ကောင်စီ ဝန်ထမ်း ဟုတ်၊ မဟုတ်သူတို့ရုံးမှာပြုစုထားတဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး MNDAA ကို သတင်းပို့ရတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ ဒလန်လို့ မသင်္ကာရင် ဖမ်းတာတွေရှိခဲ့တာ၊ ခုအခြေအနေက အပစ်ရပ်တယ်ဆိုတော့ ဘယ်လိုရှိမယ်မသိဘူး၊ ဒီအခြေအနေကလဲ ဘယ်လောက်ခိုင်မယ်မသိဘူး၊ စစ်တပ်ကလည်း လားရှိုးကိုပြန်သိမ်းမယ်ဆိုတော့လေ “လို့အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
တရုတ်ရဲ့ဖိအားကြောင့် MNDAA နဲ့ TNLA တို့ဟာ တွေ့ဆုံဆွေးနွေးမယ်လို့ အသီးသီးထုတ်ပြန်လာကြတာဖြစ်ပြီး MNDAAရဲ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီကို မြန်မာနိုင်ငံအနှံ့မှာ ဖော်ဆောင်နေတဲ့ ဝေဟင်နဲ့မြေပြင်ထိုးစစ်ဆင်မှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ ပါရှိတာကြောင့် ထုတ်ပြန်ချက်တွေထက် ရလဒ်တွေကို ဝန်းရံစောင့်ကြည့်ကြဖို့ စစ်ရေးသတင်းတွေနေ့စဉ်ဖေါ်ပြနေတဲ့ CDMဗိုလ်ကြီးဇင်ယော်က ဒီနေ့ ရေးသားထားပါတယ်။
MK – 012
#MekongNews








