မဲခေါင်၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားထံက မူးယစ်ဆေး၀ါးတွေ သိမ်းဆည်းရမိခဲ့ရာ ဒီမူးယစ်ဆေးတွေကို တပ်ရင်းမှူးက သယ်ဆောင်ခိုင်းတာလို့ ၀န်ခံကြောင်း ကိုးကန့်သတင်းဌာန-The Kokang က ဒီကနေ့ ဖော်ပြပါတယ်။
တိုက်ပွဲ အတွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးကို ကိုးကန့် တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ စစ်သားထံက မူးယစ်ဆေးပြားတွေ ပါ၀င်တဲ့ အထုပ်သေး ၃၀ ထုပ်၊ ၆၀ မမ မော်တာ တစ်လက်နဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားရဲ့၀န်ခံချက်အရ အဆိုပါ မူးယစ်ဆေးတွေကို တိုက်ပွဲ အဖြစ်ခင် ကတည်းက တပ်ရင်းမှူး ကိုယ်တိုင် အသုတ်လိုက်ခွဲ သယ်ယူခဲ့ဖို့ ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။
ကိုးကန့်ဒေသမှာ အောက်တိုဘာလ ၁၄ ရက်က စစ်ကောင်စီ လက်အောက်ခံ စကခ (၁၂)၊ ခမရ (၃၃၅) အင်အား ၃၀ ခန့်ဟာ MNDAA တပ်စခန်းဘက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ သေနတ် ၁၀ လက်၊ လက်ပစ် အမြောက် တစ်လက်၊ ကျည်ဘောက် ၁၄ ခု၊ ကျည်ဆန် ၂၀၀ ကျော် အပါအ၀င် ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကိုးကန့်တပ် MNDAA ကဆိုပါတယ်။
လက်ရှိ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားကို ကိုးကန့်ခရိုင် MNDAA အုပ်ချုပ်ရေးအဖွဲ့ထံကို လွှဲပြောင်းထားပြီး အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
MK-007
#MekongNews
#ကိုးကန့်
#MNDAA
#မူးယစ်ဆေး