ဆောင်းပါး

ပင်လုံ ရည်မှန်းချက်ကြားက အဖြည့်ခံ ပြည်သူများ

မဲခေါင် 22 Jun - 2023
စိုင်းနောင် မဲခေါင်၊ ဇွန် ၂၂ ခေတ်သစ် မြန်မာ့ သမိုင်းကို ရေးခြယ်ပုံဖော်လိုသူတို့၏ နိဒါန်း ရေးသားခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့က ပင်လုံစာချုပ် အထိမ်းအမှတ် ကျောက်တိုင်သည် လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ ဖြစ်ဖျားခံရာပင်။

စိုင်းနောင်

မဲခေါင်၊ ဇွန် ၂၂

ခေတ်သစ် မြန်မာ့ သမိုင်းကို ရေးခြယ်ပုံဖော်လိုသူတို့၏ နိဒါန်း ရေးသားခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့က ပင်လုံစာချုပ် အထိမ်းအမှတ် ကျောက်တိုင်သည် လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ ဖြစ်ဖျားခံရာပင်။

သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် အမည်ခံ ပြည်ထောင်စုကို လူတန်းစား တရပ်ကသာ အုပ်စိုးခဲ့ပြီး ပင်လုံစာချုပ်ကို စက္ကူစုတ်သဖွယ် သဘောထားခဲ့ရာ ပင်လုံ စာချုပ် အထိမ်းအမှတ် ကျောက်တိုင်သည်လည်း တစ်နှစ် တစ်ကြိမ် ကျင်းပသည့် အမည်ခံ ပြည်ထောင်စုနေ့မှ အရောင်ဝါ တောက်ပခွင့်ရခဲ့သည့် အနေအထား အဖြစ် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်သည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးသည် ရှမ်းလူထု အတွက် အိပ်မက်ပမာ ဖြစ်နေရသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အကောင်းဆုံး အခွင့်အရေးဟု ဆိုနိုင်သည်။

သို့သော် ပြည်နယ်အတွင်း ဦးဆောင် တော်လှန်ရေး တပ်ဖွဲ့များ၏ သဘောထား ကွဲပြားမှုများက ပြည်သူလူထု အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေပြီး မညီမညွတ်ဖြစ်ကာ အမုန်းတရားများ ကြီးစိုးနေသည်ကို လူမှုကွန်ရက်ပေါ်တွင် အထင်အရှားတွေ့နိုင်သည်။

ခေတ်အဆက်ဆက် ရှမ်းနှင့်တကွ ဒေသခံ တိုင်းရင်းသား လူမျိုးစုအလိုက် အုပ်ချုပ်ရေးအရ ကိုယ်ပိုင် နယ်ပယ်များ ခွဲခြားပြီး လွတ်လပ်စွာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် စနစ်သည် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများကို အတင်းအကျပ် အာဏာ စွန့်လွှတ်စေခဲ့ပြီး နောက်တွင်မူ ရှမ်းပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိပ်သုဉ်းခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးကို မီးထိုးပေး သကဲ့သို့ ဖြစ်ခဲ့ရသည်။

ယင်းကဲ့သို့ ဖက်ဒရယ် ပြည်ထောင်စုစနစ် နိုင်ငံရေးအရ သင်းသတ် ခံလိုက်ရပြီးနောက် ကိုယ်ပိုင် ပြဌာန်းခွင့် အတွက် လူဦးရေနှင့် နိုင်ငံရေး အစဉ်အလာအရ ဒေသတွင်း ဦးဆောင်လေ့ရှိသည့် ရှမ်းတိုင်းရင်သားများက လက်နက်ကိုင် တိုက်ပွဲဝင်လာခဲ့သည်။

၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် စိုင်းနွဲ့သည် နွံစစ်ဟန် (ခေါ်) ရဲရင့်သော ရှမ်းလူမျိုးများအဖွဲ့ အမည်ဖြင့် ထိုင်း-မြန်မာနယ်စပ် ဟွေပုတောတွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြင့် ရှမ်းလက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သည်မှာ ယခုဆိုလျှင် ၆၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၁၉၆၅ ခုနှစ် အစပိုင်းတွင်တော့ ရှမ်းပြည်နယ် အတွင်းရှိ တော်လှန်ရေးအဖွဲ့များ စုစည်းပြီး မဟာဒေဝီ စောဝ်နန်းဟိန်းခမ်း အား နာယကအဖြစ် တင်မြှောက်ကာ ရှမ်းပြည်တပ်မတော် (SSA) ကို ဖွဲ့စည်းခဲ့သည်။

သို့သော် ရှည်ကြာလှသည့် လက်နက်ကိုင် တော်လှန်ရေး၏ အသီးအပွင့်အဖြစ် ရှမ်းတော်လှန်ရေး၏ တပ်ဦးဖြစ်သည့် ရှမ်းပြည်တပ်မတော် (SSA) သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်-RCSS/SSA နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်-SSPP/SSA အဖြစ် ၂ ခြမ်းကွဲခဲ့ရပြီး အချင်းအချင်း မညီညွတ်မှု၏ ပြရုပ်အဖြစ် အသုံးတော်ခံ နေသည်မှာ ယနေ့တိုင် ဖြစ်သည်။

အကျိုးဆက် အဖြစ် ရှမ်းပြည်နယ် အတွင်း နေထိုင်သည့် ရှမ်းလူမျိုးစု သာမက အခြားသော တိုင်းရင်းသားများ အကြားမှာပါ သွေးကွဲမှုများ နက်နက်ရှိုင်းရှိုင်း ပေါ်ပေါက်လာပြီး လူမျိုးတူချင်းပါ အမုန်းတရားများ ကြီးထွားလာသည်ဟု ရှမ်းပြည်နယ် အရေး တက်ကြွလှုပ်ရှားသူ နန်းဆိုင်နွန်(အမည်လွှဲ) ကပြောသည်။

“အဓိက ရှမ်းတပ် ၂ ခု နယ်လုတာကနေ သူကောင်းတယ် ကိုယ်ကောင်းတယ် ဝါဒဖြန့်ရင်းနဲ့ ကျေးလက် လူထုအထိပါ သွေးကွဲကုန်တယ်။ RCSS ရွာ၊ SSPP ရွာဆိုတာတွေ ဖြစ်လာတယ်။ ဆိုရှယ်မီဒီယာက လူတိုင်း လက်လှမ်းမီလာတော့ ဝါဒဖြန့်ရတာ ပိုလွယ်လာတာပေါ့” လို့ သူက ထောက်ပြပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ မိမိတို့ အားလုံး အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် က မေ ၂၁ ရက်တွင် ကျရောက်သည့် (၆၅) နှစ်မြောက် ရှမ်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။

သို့သော် လက်တွေ့တွင်မူ ရှမ်းတော်လှန်ရေးတပ် ၂ ခုပင် ရင်ကြားမစေ့နိုင်ဘဲ အောက်ခြေမှာ အမုန်းတရား တွေသာ ပိုမိုကြီးထွားလာသည်ကို တွေ့ရသည်။ အထူးသဖြင့် လူမှုကွန်ရက်ပေါ်တွင် သတင်းဌာန အမည်ခံပြီး တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင် ဝါဒဖြန့်ရာက ဖြစ်စဉ်ဖြစ်ရပ်များကို ချဲ့ကား ရေးသားပြီး အမုန်းတရားများ ပေါ်ပေါက်စေသည့် အထိ ဝါဒဖြန့်ချိမှုများစွာ ကိုလည်း တွေ့နေရသည်။

မဲခေါင်သတင်းဌာန၏ လေ့လာမှုအရ RCSS နှင့် SSPP အာဘော် လူမှုကွန်ရက် စာမျက်နှာ များစွာ တွေ့ရသည့် နည်းတူ စစ်တပ်နှင့် အတူ လက်တွဲနေသည့် PNO ပအိုဝ်း ပြည်သူ့စစ်၏ အမုန်းတရား အခြေခံ လှုံ့ဆော် နေသည့် လူမှုကွန်ရက် စာမျက်နှာ များစွာကိုလည်း တွေ့နေရသည်။ PNO ပြည်သူ့စစ်သည် RCSS နှင့် နီးစပ်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

RCSS အနေဖြင့် Tai Freedom သတင်းစာမျက်နှာက ဝါဒဖြန့် သကဲ့သို့ ရိုးမအသံ-Hsan Loi Voice ဆိုသည့် ဖေ့စ်ဘွတ်သတင်း စာမျက်နှာ ဖွင့်လှစ် ဝါဒဖြန့်နေမှုကို အထင်အရှား တွေ့ရသည်။ Hsan Loi Voice အနေနဲ့ SSPP သာမက မိတ်ဖက် TNLA တပ်များ ပြစ်မှုကျူးလွန်သည့် သတင်းများ ဦးစားပေး တင်ဆက်လေ့ရှိပြီး RCSS ထိပ်သီး ပုဂ္ဂိုလ်များ၏ အာဘော်များကိုလည်း တင်ဆက်လေ့ရှိသည်ကို တွေ့ရသည်။

ထို့အတူ SSPP ကလည်း SSPP INFO ဆိုသည့် သတင်းစာမျက်နှာမှ မြန်မာ-ရှမ်း ၂ ဘာသာနဲ့ ဝါဒဖြန့်ချိ နေသည်ကို တွေ့ရသည်။

ယင်းပင်မ ဝါဒဖြန့်ချိရေး ယန္တရားများမှ ဝါဒဖြန့်စာများကို အခြားသော လူမှုကွန်ရက် အကောင့်များစွာက ကူးယူဖြန့်ချိသည့် နည်းဖြင့် ပြန့်နှံ့အောင် ဆောင်ရွက်လေ့ရှိရာ ပြည်သူလူထုကလည်း အမုန်းတရား အခြေခံသည့် မှတ်ချက် အများအပြား ပေးလေ့ရှိသည်ကို တွေ့ရသည်။

တခြားတဖက်တွင်လည်း သတင်းမီဒီယာ တာဝန်ရှိသူများကို သက်ဆိုင်ရာ လော်ဘီများက ချည်းကပ်ပြီး ကိုယ့်အဖွဲ့ကောင်းကြောင်းနှင့် တဖက်အဖွဲ့ မကောင်းကြောင်း သိသိသာသာ၊ မသိမသာ ဝါဒဖြန့်ပေးရန် စည်းရုံးမှုရှိကြောင်း ကိုယ်တွေ့ကြုံခဲ့သည့် သတင်း အယ်ဒီတာတချို့က ပြောသည်။

ယခုလို အပြိုင်အဆိုင် ဝါဒဖြန့်ရာမှာ မြေပြင် ဖြစ်စဉ် ဖြစ်ရပ်များကို အခြေခံပြီး လိုရာဆွဲ ဝါဒဖြန့်ချိမှုများကြောင့် ရှမ်းတပ် ၂ ခု ရင်ကြားစေ့ရေး ပိုအလှမ်းဝေးလာရသည်ဟု ပင်လုံ အခြေစိုက် ရှမ်းအရေး တက်ကြွလှုပ်ရှားသူ စိုင်းနေလင်း (အမည်လွှဲ) က သုံးသပ်သည်။

“ဖောင်းဆိုင် ရွာလူကြီးကို SSPP တပ်က မီးမြှိုက်နှိပ်စက်တဲ့ဟာက အောက်ခြေမှာ အမုန်းတရားတွေ၊ အဖွဲ့အစည်း အစွဲတွေ ဘယ်လောက် အားကောင်းနေတယ်ဆိုတာ ပြတာပဲ။ လူမျိုးတူ၊ ဘာသာတူပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အလွန်အကျွံ ဝါဒဖြန့်တာကနေ မုန်းကုန်ကြတာ။ ဒါကို ၂ ဖက်လုံး သတိပြုကြပါ။ ထိန်းသိမ်းကြပါ” လို့ တောင်ကြီး အခြေစိုက် အမည်မဖော်လိုသူ ရှမ်းအရေး တက်ကြွလှုပ်ရှားသူ လူငယ် တစ်ဦးက မှတ်ချက်ပြုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချား ဒေသတွင် ဖောင်းဆိုင် ရွာလူကြီးကို SSPP တပ်က မီးမြှိုက် နှိပ်စက်နေသည့် ရုပ်သံ ပြီးခဲ့သည့် မေလက လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီးနောက် နှိပ်စက်ခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရှမ်းသာမက ပြည်နယ် အတွင်းရှိ အခြားတိုင်းရင်းသား အဖွဲ့အစည်း ၃၀ ကျာ်က မေလ ၁၈ ရက်နေ့တွင် SSPP ကို တောင်းဆိုခဲ့သည်။

၎င်းဖြစ်စဉ်သည် လူမှုကွန်ရက်ပေါ်တွင် အလွန်အကွျှံဝါဒဖြန့်ချိမှု၏ အကျိုးဆက် အဖြစ် အောက်ခြေမှာ အမုန်းတရားများ ကြီးထွားလာရာက စည်းလွတ်ဘောင်လွတ် တုံ့ပြန်မှုသာ ဖြစ်သည်ဟု ရှမ်းအရေး တက်ကြွလှုပ်ရှားသူ လူငယ်က သုံးသပ်သည်။

“ဒီဖြစ်စဉ်မျိုးတွေက ၂ ဖက်စလုံးက လုပ်နေတာပဲ။ သတင်းမှာ မပါတဲ့ ဖြစ်စဉ်တွေ အများကြီး ဖြစ်နေတာ ကျနော်တို့ ကြားနေရပါတယ်။ ၂ ဖက်လုံးက လူထုမျက်နှာ မကြည့်ကြတော့ဘူး။ သူမှန်တယ် ငါမှန်တယ် ဆိုတာမျိုးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရဖို့ မပြောနဲ့ ရေရှည်မှာ တော်လှန်ရေးပါ ပျောက်သွားမယ်” လို့ တောင်ကြီးမြို့ အခြေစိုက် ဝါရင့် ရှမ်းနိုင်ငံရေးသမား တစ်ဦးက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန် က မိုင်းကိုင်နှင့် လဲချားဘက်တွင် SSPP စစ်ကြောင်းများကို RCSS က မကြာခဏ မိုင်းထောင်၊ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် ပါဝင်ပတ်သက်မှု သံသယဖြင့် စစ်ဆေး မေးမြန်းခြင်း ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့က ပြောသည်။

လက်ရှိ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ရှမ်းတပ် ၂ တပ်၏ မြေပြင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသကဲ့သို့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွင်လည်း ရှမ်းတပ် ၂ တပ်၏ ဘက်တော်သားများ လေလှိုင်း ထိုးစစ်ဆင်မှု တရှိန်ထိုး မြင့်တက်လာမှုကြောင့် ရှမ်းလူမျိုး အချင်းချင်းကြား သွေးကွဲမှုများ ပိုဆိုးလာကြောင်း ရှမ်းလူငယ် တစ်ဦးက သုံးသပ်သည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေက မူလ ရည်မှန်းချက် တော်လှန်ရေး ဗန်းပြပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပါတယ်။ မီဒီယာတွေမှာ သတင်းဖော်ပြမှု အားနည်းလို့ လူတွေ သိပ်မသိတာပါ။ အခုက အခြေအနေတွေက ပိုမိုဆိုးဝါးလာတာပါ” လို့ သူကပြောပါတယ်။

မြေပြင်တွင် ရှမ်းတပ် ၂ ခုလုံး သာမက ဒေသတွင်း လူမျိုးစု လက်နက်ကိုင်များကပါ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုများ ကျူးလွန်နေသော်လည်း ရှမ်းအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း အများစုက SSPP/SSA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှု အများစုကိုသာ တဖက်သတ် ဖော်ပြနေသည်ကို တွေ့ရသဖြင့် စိတ်ပျက်မိကြောင်း ၎င်းကဆိုသည်။

ပြည်နယ်တွင်း လူထုကြား ပြန့်နှံ့နေသည့် ပေါ်ပေါက်နေသည့် အမုန်းစကားနဲ့ အမုးတရားသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးဝါးလာပြီး အထူးသဖြင့် တော်လှန်ရေးတပ် ၂ ခု ဘက်တဖက်ဆီသို့ ပိုရောက်သွားသဖြင့် အခြေအနေ ပိုမိုဆိုးဝါးလာသည်ဟု ၎င်းကသုံးသပ်သည်။

မြန်မာနိုင်ငံကို သိမ်းပိုက် အုပ်ချုပ်ခဲ့သော ဗြိတိန် အစိုးရ အနေဖြင့် ၁၈၈၈ ခုနှစ်တွင် ရေးဆွဲပြ ဋ္ဌာန်းခဲ့သော ‘Shan States Act’ ကို ၁၉၂၂ ခုနှစ်တွင် ‘Federated Shan States Act’ အဖြစ် ပြင်ဆင်ပြဋ္ဌာန်းကာ ‘ဖက်ဒရယ် ရှမ်းပြည်’ (သို့မဟုတ်) ‘ပြည်ထောင်စု ရှမ်းပြည်’ ဟု ခေါ်တွင် အုပ်ချုပ်ခဲ့သည်သာ ဖြစ်သည်။

လွတ်လပ်ရေး အကြိုကာလ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ အနှစ်အရသာသည်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ခွဲထွက်ခွင့်ရှိသည့် ပြည်နယ်အဖြစ် ပြည်ထောင်စုတွင် ပါဝင်မည်ဟု သဘောတူ ပဋိညာဏ် ပြုခဲ့ခြင်းသာ ဖြစ်သည်။

ယင်းသို့သော သမိုင်းကြောင်း အရသော် လည်းကောင်း၊ ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူလူထု၏ ဆန္ဒအရသော် လည်းကောင်း ရှမ်းပြည်သည် မည်သည့် စကားရပ်ကို အသုံးပြုစေကာမူ သီးခြားရပ်တည်ခွင့် ရှိသကဲ့သို့ ပြည်ထောင်စု အတွင်းက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ် အဖြစ်လည်း ရပ်တည်ခွင့် ရှိသည်သာ ဖြစ်သည်။

သို့သော် ရှမ်းပြည်နယ်၏ ဖက်ဒရယ် (ဝါ) လွပ်မြောက်ရေး အိမ်မက်ကို အဓိက ဦးဆောင်နေသည့် ရှမ်းတော်လှန်ရေး ၂ ဖွဲ့ ပဋိပက္ခများကြောင့် ဒေသတွင်း ပြည်သူလူထုကပါ မညီမညွတ် ဖြစ်လာပြီး နောက်ဆုံး စစ်အာဏာရှင်များ ကသာ အမြတ်ထွက် ကြီးစိုးသွားမည် ဖြစ်ရာ ရှမ်းပြည်သူ လူထု အနေဖြင့် ရှမ်းတော်လှန်ရေး တပ် ၂ ခု၏ အတ္တအတွက် အဖြည့်ခံသာ ဖြစ်နေကြောင်း ရှမ်းလူငယ်က သုံးသပ်သည်။

မည်သို့ပင် ဖြစ်စေ ရှမ်းပြည် လူထုအနေနှင့်မူ ရှမ်းတပ် ၂ ခု ညီညွတ်ရေး အတွက် အထူးလိုလားနေသည့် အခြေအနေတွင် “RCSS တပ်ဖွဲ့တွင် ဗိုလ်ချုပ်ကြီး ယွက်စစ် မရှိတော့မှ ဆွေးနွေးမည်” ဟု SSPP သတင်းရင်းမြစ်ကို ကိုးကား၍ မဲခေါင်သတင်းဌာနက ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည် ဖြစ်ရာ အဖြည့်ခံ ရှမ်းပြည်သူတို့၏ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေး အိပ်မက်သည်လည်း အလှမ်းဝေးနေအုံး မည်သာ။

#MekongNews

#ပင်လုံ

#RCSS

#SSPP

#ဖက်ဒရယ်ပြည်ထောင်စု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now