ဝေဟင်စိုး
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ပြည်သူ့အာဏာကို စစ်တပ်က အလွဲသုံးစားလုပ် မတရား သိမ်းယူလိုက်ချိန်ကစလို့ နိုင်ငံ့ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့ကြသူတွေကို (၅၀၅) ဆိုတဲ့ပုဒ်မအပါအဝင် အခြားပုဒ်မပေါင်းများစွာတပ်ပြီး စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပါတယ်။
ဒီလိုဖမ်းဆီးရာမှာ သတင်းစာဆရာတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေနဲ့ အနုပညာရှင်တွေကိုပါ ဖမ်းဆီးထောင်ချတာ၊ စစ်ကြောရေးမှာ လူမဆန်စွာ နှိပ်စက် မေးမြန်းတာတွေကြောင့် စိတ်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူထားတာ အခု ၂၀၂၃ ခုနှစ်အထိဆိုရင် နှစ်နှစ်ကျော်ရှိလာပါပြီ။ အာဏာသိမ်းချိန်ကစလို့ အခုချိန်အထိ ဖမ်းဆီးထိမ်းသိမ်းခံရသူပေါင်းဟာ ၁၉,၄၉၅ ဉီးအထိ ရှိနေပြီးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) ရဲ့ စစ်တမ်း ကောက်ယူချက်တွေအရ သိရပါတယ်။
AAPP ရဲ့ ဇူလိုင်လ (၁၅) ရက်နေ့ထိ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းချိန်ကနေ ယနေ့အချိန်အထိ နွေဉီးတော်လှန် ရေးကာလအတွင်း ကျဆုံးခဲ့သူဉီးရေဟာ ၃,၇၉၃ ယောက် ရှိပြီဖြစ်ပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံရသူဉီးရေ ၂၃,၈၇၀ ဉီးရှိတဲ့ အနက် ၁၉,၄၉၅ ဉီးဟာ လက်ရှိ အချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ AAPP က ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရသူ ၁၁၅ ယောက်ရှိပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၁၂၂ ယောက်အထိ ရှိပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ AAPP က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စစ်တမ်းဖြစ်ပြီးတော့ ဖော်ပြထားတဲ့စာရင်းထက် လက်တွေ့မှာ ပိုများကောင်း များနိုင်တယ် လို့လည်း ပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး အသက်မသေလို့ ထောင်ထဲပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာလည်း ဖိနှိပ်မှုမျိုးစုံနဲ့ ဆက်ပြီး ရင်ဆိုင်ရတယ်လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက သူ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။
“ထောင်ထဲမှာက နိုင်ငံရေးအကျဉ်းသားဆိုရင် ရာဇဝတ်အကျဉ်းသားတွေထက် ပိုနှိပ်ကွပ်တာမျိုး ခံရတယ်။ ထောင်ပြောင်းဆိုလည်း ဘာမှအကြောင်းမကြား ကိုယ့်ကို အထုပ်ပြင်ခိုင်းပြီး ခေါ်လာတော့မှ ထောင်ပြောင်းပါတယ်ဆိုတာမျိုး သိရတဲ့ အခြေအနေပေါ့။ ပြီးတော့ အပြင်မှာတင် ဒလန်လိုလူစား ရှိတာမဟုတ်ဘူး။ အကျဉ်းထောင်ထဲမှာလည်း သူတို့ လက်သပ်မွေးထားတဲ့ ရာဇဝတ်အကျဉ်းသား ဒလန်တွေရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို စောင့် ကြည့်ခိုင်းထားတာမျိုးပေါ့။ ထောင်ထဲမှာ နိုင်ကျဉ်းတွေအတွက်ဆိုရင် လူ့အခွင့်အရေးမပြောနဲ့ အကျဉ်းသားအခွင့်အရေးတောင် ဆုံးရှုံးတာမျိုးတွေ အများကြီးပါ” လို့ဆိုပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြင်ထုတ်ပြီး နှိပ်စက် စစ်ဆေးတယ်၊ အကျဉ်းထောင်ထဲက ခေါ်ထုတ်ပြီး ပစ်သတ်တယ် ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။
လွတ်မြောက်လာသူတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်တာတွေရှိတာကြောင့် လုံခြုံမှု မရကြပါဘူး။ ဒါတွေဟာ လူတိုင်းရဲ့စိတ်ကို ကြောက်လန့်အောင် ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးနေတာလို့ သုံးသပ်ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအပေါ် တရားမဲ့ ပြုကျင့်မှုတွေ၊ လူအခွင့်အရေးကို အဆိုးရွားဆုံး ၊ အပြင်းထန်ဆုံး ချိုးဖောက်တာတွေကို စစ်ကောင်စီက ဆက်တိုက်ကျူးလွန်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတဉီးဖြစ်တဲ့ ဉီးထွန်းကြည်က ပြောပါတယ်။
“ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဘဝဆိုလည်း စစ်ကောင်စီရဲ့ ဖိအားပေး စောင့်ကြည့်တာမျိုးတွေ ခံနေရတယ်။ ကျန်းမာရေး၊ စီးပွားရေးနဲ့ မိသားစုဘဝတွေမှာပါ ထိခိုက်နစ်နာ ဆုံးရှုံးတာတွေ ဆက်တိုက် ရင်ဆိုင်ကြုံတွေ့နေရတာပေါ့။ သူတို့ရဲ့ လက်ကိုင်တုတ်တွေ သတင်းပေးတွေရဲ့ ခြိမ်းခြောက်တာတွေကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ဘေးကင်းလုံခြုံဖို့အတွက် ကိုယ်တိုင် ပြန်ကာကွယ်နေရတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်။ ဒါဟာ လူမသေပေမယ့် စိတ်သေနေရတဲ့ ဘဝပေါ့” လို့ ဉီးထွန်းကြည်က ပြောပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေးအတွက် လူထုက အပြင်းအထန် ကြိုးစားနေကြတာ ထောင်ပြင်ပကလူတွေတင်မဟုတ်ဘဲ အကျဉ်းထောင်အတွင်း ရောက်နေသူတွေကပါ ဆန္ဒထုတ်ဖော်တာ၊ အစာငတ်ခံ ဆန္ဒပြတာတွေ လုပ်ကြပါတယ်။ အဲဒါတွေကြောင့်လည်း ရက်ရှည် တိုက်ပိတ်ခံရတာမျိုးတွေ ရှိနေပါတယ်။
အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ အကျဉ်းသားအခွင့်အရေး အပြည့်အဝ မရတာတွေကြောင့် ထောင်တွင်းဆန္ဒထုတ်ဖော်မှုတွေဟာ မကြာမကြာဖြစ်နေတဲ့ ဖြစ်စဉ်တခုပါ။
အကျဉ်းထောင်ပြင်ပကို ကြည့်မယ်ဆိုရင် လည်း စစ်တပ်က လူမဆန်စွာ သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကြောင့် လူတိုင်းဟာ စိတ်ဒဏ်ရာကိုယ်စီ ရနေကြရတဲ့ အခြေအနေပါ။ စစ်တပ်က ရွာစဉ်အလိုက် မီးရှို့ဖျက်ဆီးတာတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူတွေ၊ စစ်ရှောင်နေကြရတဲ့သူတွေဟာ စိတ်ဒဏ်ရာကိုယ်စီ ခံစားနေကြရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းကတဆင့် မြို့ပြကို စစ်ဘေးတိမ်းရှောင်လာတဲ့ ကိုမျိုးဝင်း (အမည်လွှဲ) က “ကျနော်တို့ ဘယ်နေ့သေမလဲ ဆိုတာကိုပဲ စောင့်နေရသလိုဖြစ်နေတယ်။ ဘယ်သူဟာ ဘာမှန်းမသိတော့သလို ရှုပ်ထွေးနေတာ။ ကျနော်တို့ငယ်ငယ်က လူကြီးတွေပြောသလို ဘောင်းဘီရှည် ဝတ်လာတာမြင်ရင် ကို ကြောက်နေရတော့တဲ့ စိတ်အခြေအနေကြီးဗျ။ ဘာမှ လုပ်ကိုင် စားသောက်လို့ကို မရတော့ဘူး။ အရှေ့က သွားသာ သွားနေရတာ၊ နောက်ကျောမလုံဘူး” လို့ သူ့စိတ်ခံစားချက်ကို ပြောပြပါတယ်။
ဒါ့အပြင် စိတ်ဒဏ်ရာလို့ဆိုရာမှာ အကျယ်ထောင်လို့ ခေါ်နေတဲ့ ထောင်ပြင်ပက လူထုဟာလည်း နိုင်ငံအတွင်းမှာ အလုပ်အကိုင်ရှားပါးလာတာ၊ တဦးချင်းဝင်ငွေ ကျဆင်းလာတာ၊ စားဝတ်နေရေး ကျပ်တည်းလာတာတွေနဲ့ မိသားစု လုံခြုံရေးအတွက် စိုးရိမ်စိတ် မြင့်တက်လာတာတွေကြောင့်လည်း လူတိုင်းဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အနိမ့်ဆုံးဝင်ငွေရှိတဲ့ နိုင်ငံစာရင်းထဲ ပါဝင်လာတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံသားတဦီးရဲ့ တစ်နှစ် ပျှမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁,၂၀၀ ကျော်ရုံပဲ ရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ၆ လပတ်အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တဖြည်းဖြည်းတည်ငြိမ်လာတယ်လို့ ဆိုထားပေမယ့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စိန်ခေါ်မှုတွေ ဆက်လက်ရင်ဆိုင်နေရပြီး နိုင်ငံရဲ့ GDP ၃% ပဲ တိုးလာဖို့ရှိပေမယ့် ငွေကြေးဖောင်းပွမှုက လာမယ့် စက်တင်ဘာလအတွင်း ၁၄% တိုးလာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်လာပြီဖြစ်တဲ့ စစ်ကောင်စီလက်ထက်မှာ အာဆီယံနိုင်ငံတချို့အပါအဝင် နိုင်ငံတကာက နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့် စစ်ကောင်စီကတော့ မျက်ကွယ်ပြုထားဆဲပါ။ ဒါ့ကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် တာကြောင့် ပြည်တွင်းစီးပွားရေးဟာ အောက်ဆုံးအထိ ထိုးကျသွားရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားဝင်ငွေရရေးအတွက် ပြည်တွင်းငွေကြေးမူဝါဒတွေ၊ ပို့ကုန်သွင်းကုန်မူဝါဒတွေ အမျိုးမျိုးပြောင်းလဲလာတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာပါတယ်။ ဒါ့ကြောင့် လူထုအနေနဲ့ ဆုပ်လည်း ဆူး၊ စားလည်း ရူးရမယ့် အခြေအနေ ဆိုက်ရောက်လာပါတယ်။
နိုင်ငံ့အာဏာ မတရားရယူထားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို မနှစ်မြို့တဲ့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ ပြည်တွင်းက ထွက်ခွာသွားတာကြောင့် အလုပ်အကိုင်ရှားပါးလာပြီး ကြုံရာအလုပ်ကို ရသလောက် လုပ်အားခနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ တနေ့ထက်တနေ့ ပိုပိုကျပ်တည်းလာတဲ့အတွက် အိမ်ထောင်စုတိုင်း လူတဉီးချင်းစီတိုင်းမှာ စိတ်ဒဏ်ရာ အနည်းနဲ့အများ ရှိလာနေပါတယ်။
အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ သတင်းထောက်တစ်ဉီးက “လူထုရင်ဆိုင်နေရတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုအချိန်မှာ စိတ်ဒဏ်ရာကို ကုစားဖို့ လိုတယ်ဆိုပေမယ့် စားဝတ်နေရေးကတဘက် ရုန်းကန်နေရတာဆိုတော့ ဘယ်လိုမှ မလုပ်နိုင်သေးဘူး။ တချိန် တော်လှန်ရေးနဲ့ပတ်သက်ပြီးရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို လူတိုင်းကုစားဖို့တော့ လိုမယ်ထင်တယ်။ အနည်းနဲ့အများပဲ ကွာတာပေါ့။ လက်ရှိအချိန်မှာ လူတိုင်း စိတ်မလုံခြုံမှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ပြောရင် ဘယ်သူမှ ငြင်းမှာမဟုတ်ပါဘူး” လို့ သူ့အမြင်ကို ပြောပါတယ်။
တဆက်တည်းဆိုသလို သူတဦးတည်းအနေနဲ့ စစ်ကြောရေးရောက်ခဲ့ပုံ၊ အကျဉ်းထောင်အတွင်း ပြန်ရောက်ခဲ့ပုံနဲ့ အဲ့ဒီကာလတွေအတွင်း အပြင်မှာကျန်ရစ်ခဲ့တဲ့ မိသားစုဆီကို စိတ်မရောက်အောင် ကိုယ့်စိတ်ကို ထိန်းချုပ်ထားရတယ်လို့လည်း ပြောပါတယ်။
“အပြင်မှာကျန်နေတဲ့ ကိုယ့်မိသားစု ဘယ်လိုနေလို့ ဘယ်လိုတွေ စားသောက်နေကြလဲ ဆိုတာမျိုး စိတ်ရောက်သွားရင် အဲဒီနေ့က ငိုချင်သလိုလိုဖြစ်ပြီး စိတ်တွေ ဂဏာမငြိမ်ဖြစ်ရတယ်။ နောက်ဆုံး ငါသေလို့ မရဘူး။ ငါ ကျန်းမာမှရမယ် ဆိုတဲ့စိတ်နဲ့ ချွန်းအုပ်ရတာပေါ့။ ငါမသေရင် မိသားစုနဲ့ ပြန်ဆုံရနိုင် သေးတယ် ဆိုတဲ့စိတ်နဲ့ ကျန်းမာအောင်နေပြီး ဖြတ်သန်းခဲ့ရတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ သေဆုံးသွားပြီလို့ အကြောင်းကြားခံရတဲ့ မိသားစုဝင်တွေလည်း တပုံတပင် ရှိနေပါသေးတယ်။ သူတို့ရဲ့စိတ်ဓာတ်တွေ ရိုက်ချိုးခံရတာ ဘယ်လိုကုစားသင့်ပါသလဲ၊ တော်လှန်ရေးတလျှောက် စိတ်ဒဏ်ရာရခဲ့သူတွေကို ဒီလိုအချိန်မှာ ဘယ်လို နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်သင့်လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်ဆိုပြီး ပုဒ်မတပ် ဖမ်းဆီး ခေါ်ဆောင်သွားရာကနေ အလောင်းလာထုတ်ယူဖို့ ရဲစခန်းက အကြောင်းကြားလာတဲ့အခါမှာ သွားထုတ်ယူတော့ မီးသဂြိုဟ်လိုက်ပြီဆိုတဲ့ သတင်းကြားရတဲ့ မိသားစုဝင်တွေ ရခဲ့တဲ့ စိတ်ဒဏ်ရာဟာ ကြီးလွန်းပါတယ်။
ကာယကံရှင်တွေနဲ့ နီးစပ်သူတဦးက “အခုအချိန်အထိကို မိသားစုက ပြန်လာမယ်လို့ မျှော်လင့်နေကြတဲ့ စိတ်ပေါ့။ အလောင်းမတွေ့ရဘဲ မီးသဂြိုဟ်လိုက် ပြီဆိုတော့ ယုံရတဝက် မယုံရတဝက် ဖြစ်နေတာ။ ကိုယ်တွေလိုအခြေအနေမျိုးနဲ့ ကြုံနေရတဲ့ မိသားစုဝင်တွေလည်း အများကြီးရှိနေတာပေါ့။ မအေဖြစ်သူဆို အရူးတပိုင်းပဲ။ ကျနော်တို့ အမြဲ နှစ်သိမ့်ပေးနေရတာ။ သူ့အနားလည်း အမြဲမနေနိုင်ဘူးလေ၊ စားဝတ်နေရေးက တဘက်ရှိသေးတော့ သေရေးထက် ရှင်ရေးကို ဦီးစားပေးနေရတာ” လို့ ကိုမင်းသူ (အမည်လွှဲ) က ဆိုပါတယ်။
ဒီဖြစ်ရပ်အတွက် မိသားစုဝင်နဲ့ သေဆုံးသူနာမည်ကို ထည့်မပြောတာဟာ လုံခြုံရေးအခြေအနေအရ ပြဿနာ ရှိလာနိုင်တာမို့ ထည့်ပြောလိုစိတ်မရှိဘူးလို့လည်း ဆိုပါတယ်။
“စိတ်မလုံခြုံတာပေါ့ဗျာ။ ကိုယ်ပြောပြလိုက်တာကို သူတို့ (စစ်တပ်) ကသိရင် ကိုယ်တွေ အထောင်းခံရဖို့ရှိတယ်လေ။ အခုလို ပြောပြတာတောင် စိတ်က သိပ်မလုံခြုံချင်ဘူးဗျာ” လို့ ဆိုပါတယ်။
ပြည်တွင်းမှာ နေထိုင်နေသူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေကို မီဒီယာတွေကတဆင့် လွတ်လပ်စွာ ဖြေကြားခွင့်မရဘဲ ဒီလိုဖြေကြားတာကို သိသွားရင် ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့ စိတ်ဒဏ်ရာမျိူးကလည်း ရှိနေကြပါသေးတယ်။
ဒါဟာ လူထုကို စစ်တပ်က လက်နက်အားကိုး အကြောက်တရား ရိုက်သွင်းထားခြင်းတမျိုးလို့ ဆိုနိုင်ပါတယ်။
ဒီအကြောက်တရားတွေ ဘယ်လိုအချိန်မျိုး၊ ဘယ်လို ကုစားမှုမျိုးနဲ့မှ သက်သာ ပျောက်ကင်းကြပါမလဲ … အများစုကတော့ နွေဦးတော်လှန်ရေးအောင်မြင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်မှသာ ဒီအကြောက်တရားနဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
#MeKongNews
#မဲခေါင်ဆောင်းပါး
#တော်လှန်ရေး
#စိတ်ဒဏ်ရာ