ဆောင်းပါး

တစ်ဖက်ပိတ် စစ်လော်ဘီများ မျက်ရည်ချူချိန်

မဲခေါင် 20 Feb - 2024
စစ်တပ်အရေးနိမ့် အကြောင်းအရာများ မည်သည့်အခါမျှ ဝန်ခံရေးသားလေ့မရှိသည့် အကြီးဆုံးစစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှ တစ်ခုဖြစ်သော ကျော်စွာချန်နယ်တွင် “ စိတ်မကောင်းယုံမှ အပ အခြားမရှိ” ဆိုသည့် ပို့စ်ကို ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ တင်လိုက်သည်။

ခွန်ချိုင်း

စစ်တပ်အရေးနိမ့် အကြောင်းအရာများ မည်သည့်အခါမျှ ဝန်ခံရေးသားလေ့မရှိသည့် အကြီးဆုံးစစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှ တစ်ခုဖြစ်သော ကျော်စွာချန်နယ်တွင် “ စိတ်မကောင်းယုံမှ အပ အခြားမရှိ” ဆိုသည့် ပို့စ်ကို ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ တင်လိုက်သည်။

ပုဂ္ဂိုလ်ရေးခံစားချက်များ တင်လေ့မရှိသည့် ထိုချန်နယ်မှ စိတ်မကောင်းသော အကြောင်းအရာသည် လက်နက်အပြည့်အစုံနှင့် တိုက်ခိုက်ရေးတပ်သား ထောင်ချီရှိသည့် ဒ.က.စ လောက်ကိုင် (ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လောက်ကိုင်) MNDAA တပ်ဖွဲ့ထံ လက်နက်ချလိုက်သည်ကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။

အမှန်တကယ် ဒ.က.စ လောက်ကိုင် လက်နက်ချလိုက်သည်မှာ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) က ဖြစ်သည်။ စစ်တပ်ဝါဒဖြန့် အကြီးဆုံးဟုဆိုနိုင်မည့် ကျော်စွာ (Kyaw Swar) ချန်နယ်တွင် ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းအထိ ဒ.က.စ လောက်ကိုင် မကျသေးကြောင်း၊ စစ်တပ်မိသားစုများ လားရှိုးပြန်ခြင်းသာ ဖြစ်ဟု နောက်ဆုံးအချိန်ထိ တဖက်ပိတ်ငြင်းဆိုခဲ့သည်။

လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်သား ထောင်ချီ လက်နက်ချတဲ့ ဓာတ်ပုံများ၊ ဒ.က.စ လောက်ကိုင်၏ အဓိကတာဝန်ရှိသူ ဗိုလ်မှူးချုပ် ၆ ယောက် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်မှာ ပလူပျံနေမှသာ စစ်တပ်လော်ဘီများက လက်နက်ချလိုက်သည်ကို သွယ်ဝိုက်ဝန်ခံ လိုက်ခြင်းဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး နှစ်လခန့်အကြာ ကိုးကန့်ဒေသမှ မြို့များ၊ စစ်စခန်းများ၊ ဗျူဟာကုန်းများ တစ်ခုပြီးတစ်ခု အသိမ်းခံရချိန်မှာလည်း စစ်တပ်လော်ဘီ သို့မဟုတ် ဝါဒဖြန့် ချန်နယ်များက စစ်တပ်ရှုံးနေကြောင်း တစ်ခါမှ ဝန်ခံခဲ့သည်တော့မဟုတ်။

ဒ.က.စ လောက်ကိုင် ဝိုင်းပတ်ပိတ်ဆို့ခံရချိန်မှာလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများနှင့် အပြင်းအထန်တိုက်ခိုက်နေပြီး မကြာမီ ကိုးကန့်ကျူးကျော်စစ်ကို တုံံ့ပြန်ကာ မြို့များ ပြန်သိမ်းနိုင်မည်ဟု စစ်တပ်လော်ဘီများက မျှော်လင့်ချက်အမှားများနှင့် ဝါဒဖြန့်ခဲ့ပါသေးသည်။

လောက်ကိုင်မြို့နှင့် ဒ.က.စ ကို MNDAA က ဝိုင်းပတ်ပိတ်ဆို့ထားချိန် မြို့သိမ်းရန်သာ ကျန်တော့သည်ဟု လွတ်လပ်တဲ့မီဒီယာတွေက သတင်းများဖော်ပြန်ချိန်မှာလည်း စစ်တပ်လော်ဘီများက “သိမ်းချင်အမှိုက်သိမ်း” ဟု လှောင်ပြောင်သရော်ခဲ့သေးသည်။

ထိုစကားသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ ပြည်သူများက လူမှုကွန်ရက်ပေါ် လူပြောများခဲ့သည့် အကြောင်းအရာဖြစ်ပြီး ထိုသည်ကို စစ်တပ်လော်ဘီများက ပြန်လည် သရော်လိုက်ခြင်းလည်း ဖြစ်သည်။

ဒ.က.စ လောက်ကိုင် လုံးဝမကျကြောင်း စစ်လော်ဘီများ ဘယ်လောက်တစ်ဖက်ပိတ် ပြောပါစေ စစ်တပ်မိသားစုဝင်နှင့် စစ်တပ်အသိုင်းအဝိုင်းများကပင် မယုံကြည်တော့ဘဲ လွတ်လပ်သည့် သတင်းမီဒီယာများတွင် ဖော်ပြသည့်သတင်းများ၊ ဓာတ်ပုံများနှင့်ပင် လော်ဘီပို့စ်များအောက်တွင် မှတ်ချက်ပြု ပြန်လည် တုံ့ပြန်ခဲ့ကြသည်။

ထိုအခြေအနေရောက်သွားမှသာ ဇန်နဝါရီ ၅ ရက် ညနေပိုင်းအထိ ဒ.က.စ လောက်ကိုင် မကျဘူးဟု တဖက်ပိတ်ငြင်းနေသူများသည် နာရီပိုင်းအကြာဖြစ်သည့် ဇန်နဝါရီ ၅ ရက် ညပိုင်းမှာပင် စိတ်မကောင်းယုံမှ အပ အခြားမရှိ ဆိုသည့် ပို့စ်ကို တင်လိုက်ခြင်းဖြစ်သည်။

“စစ်တိုက်ရဲသော စစ်ဗိုလ်သာ အလိုရှိသည်” ဆိုသည့် စစ်ကောင်စီ တပ်ရင်းများတွင် ရေးသားထားသည့် ဆောင်ပုဒ်ဖြင့် အစချီကာ အညံ့ခံ ဗိုလ်မှူးချုပ် ၆ ယောက်ကို စစ်လော်ဘီတို့ ပုတ်ခတ်လှောင်ပြောင် ခဲ့သည်။

“ဂုဏ်ရှိရှိ တိုက်ခိုက်ပြီး အသက်စွန့်သွားကြသည့် စစ်သည်အပေါင်းကို လက်တင်အလေးပြုသည်။” “ဂုဏ်ရှိရှိ စွန့်လွှတ်သွားကြသည့် စစ်သားကသာ အမြင့်မြတ်ဆုံး၊” “တုနှိုင်းမမီသော ဂုဏ်ဒြပ်၊” “လူပင်သေသော်လည်း နာမည်မသေကြပါ” ဟု စာသားများနှင့် အလွန်အကျူး တိုက်ခိုက်ရေးသားခဲ့သည်။

ဒ.က.စ လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ယောက်နှင့် တိုက်ခိုက်ရေးတပ်သား ထောင်ချီလက်နက်ချအညံ့ခံလိုက် သူများကို MNDAA က လားရှိုးမြို့သို့ ပြောင်းရွေ့ပေးခဲ့သည်။ လက်နက်ချအညံ့ခံသည့် ဗိုလ်မှူးချုပ်များမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်မှူး ဗိုလ်မှူချုပ် မိုးကျော်သူ၊ တပ်မ-၅၅ တပ်မမှူး ဗိုလ်မှူးချုပ် အေးခိုင်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂၊ ၁၄၊ ၁၆ မှ စကခမှူး ဗိုလ်မှူးချုပ်များဖြစ်ကြသည်။

ကိုးကန့်တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံလိုက်သည့် စစ်ကောင်စီတိုက်ခိုက်ရေးတပ်သား ၂၃၈၉ ဦး ရှိကြောင်း MNDAA ဆိုသည်။

ထိုသို့ စစ်တပ်က အစုလိုက်အပြုံလိုက် လက်နက်ချမှုသည် တပ်မတော်ထူထောင်ပြီးနောက်ပိုင်း အကြီးမားဆုံး လက်နက်ချမှုဟု ဝါရင့်နိုင်ငံရေးသမားကြီး ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“လောက်ကိုင်မှာ လက်နက်ချမှုကတော့ သမိုင်းမှာ မကြုံဖူးဘူးပေါ့ဗျာ” ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

ကိုးကန့်ဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အစုလိုက်အပြုံလိုက် လက်နက်ချခြင်းသည် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် ၇၁ ရက်မြောက်နေ့တွင်ဖြစ်ပြီး ထိုနေ့သည် စစ်ဆင်ရေးကာလမှာ အထွတ်အထိပ်နှင့် စိတ်အလှုပ်ရှားဆုံးနေ့ ဖြစ်ခဲ့သည်ဟု MNDAA က ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် တော်လှန်ရေးအဖွဲ့များ၊ အထူးသဖြင့် PDF အဖွဲ့များ၏ သေဆုံးကျဆုံးခဲ့သည့် ဓာတ်ပုံများအား ကျင့်ဝတ်သိက္ခာမဲ့ ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်တပ်အရေးနိမ့်ချိန်တွင် ထောက်ခံသူများ အားမလျော့စေရန်အတွက် စစ်တပ်လော်ဘီများက အားတက်စေမည့် အကြောင်းအရာများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေကြသည်။

ဥပမာ မုံးကိုးဗျူဟာကုန်းအား MNDAA မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်နှင့် ဟောင်ဝစ်ဇာအမြောက်များ၊ သံချပ်ကာကားများ သိမ်းမိခဲ့သည့် ဓာတ်ပုံများ ထုတ်ပြန်ချိန်တွင် ထိုအမြောက်နှင့် သံချပ်ကာများသည် သုံးမရသဖြင့် ထားရစ်ခဲ့ခြင်းဖြစ်သည်ဟု အရေးအသားမျိုးများဖြင့် ထောက်ခံသူများကို နှစ်သိမ့်ခဲ့သည်။

ဒ.က.စ လောက်ကိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီလက်နက်ချလိုက်သည်ကို စစ်တပ်လော်ဘီများ သွယ်ဝိုက်ဝန်ခံလိုက်ပြီးနောက် သူတို့ဦးတည်ချက်သည် လက်နက်ချလိုက်သည့် ဗိုလ်မှူးချုပ်များဆီသို့ ဦးတည်ချက်ပြောင်းသွားသည်။

စစ်လော်ဘီချန်နယ်များမှ လက်နက်ချဗိုလ်မှူးချုပ် ၆ ယောက်အား ပုတ်ခတ်လှောင်ပြောင်ပြီး မကြာမီ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထိုဗိုလ်မှူးချုပ် ၆ ခြောက်ယောက်ကို သေဒဏ်နှင့် တသက်တစ်ကျွန်း ပြစ်ဒဏ်များ ချမှတ်လိုက်သည်။

စစ်သက် ၁၇ နှစ်ဖြင့် CDM ပြုလုပ်ခဲ့သူ ဗိုလ်ကြီးဇင်ယော်ကလည်း “စစ်ကူအများကြီးပို့ထားပြီး လက်နက်ချတော့ တပ်တွင်းမှာ ထိပ်လန့်တယ်၊ ကြောက်ရွံ့တယ်ပေါ့။ ဒကစလိုအဆင့်မျိုးတောင် လက်နက်ချရပြီဆိုတော့ စခန်းတွေ၊ တပ်ရင်းအဆင့်စခန်းတွေ၊ ဗျူဟာအဆင့်စခန်းလေးတွေက စစ်သည်တွေပါ စိတ်ဓာတ်ပျက်ပြားသွားတယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ၆ ယောက်နှင့်အတူ လက်နက်မချဘဲ ထွက်ပြေးခဲ့သည့် စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင်အား သူရဲကောင်းဟု စစ်တပ်လော်ဘီချန်နယ်များထဲမှ အကြီးဆုံးချန်နယ်တစ်ခု ဖြစ်သည့် မှိုင်းဝေချန်နယ်မှ ဇန်နဝါရီ ၁၃ ရက်မှာ ရေးသားသည်။

လောက်ကိုင်မြို့မှ တော၊ တောင်များဖြတ်ပြီး ပြေးလာသည့် ဗိုလ်မှူးချုပ် မင်းမောင်နှင့်အဖွဲ့ကို တန့်ယန်းမှာရှိသည့် ခလရ-၃၃ သို့ ရဟတ်ယာဥ်များနှင့် သယ်ဆောင်ပေးခဲ့ရသည်ဆိုသည့် မှိုင်းဝေ ချန်နယ်တွင် ရုပ်ရှင်ဆန်ဆန်ရေးသားထားသည့် ဝါဒဖြန့်မှုကို အခြားစစ်တပ်ချန်နယ်များတွင် မတွေ့ရပါ။

စစ်တပ်လော်ဘီ၊ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များသည် စစ်တပ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာကြသည့် လူမှုကွန်ရက်ပလက်ဖောင်းများဖြစ်ပြီး မြန်မာပြည်မှ ဆိုရှယ်မီဒီယာတွင် အမုန်းစကားနှင့် မဟုတ်မမှန် လုပ်ကြံပြောဆိုမှုများ ပျံ့နှံ့ရာနေရာဟု စစ်တပ်ချန်နယ်များကို လေ့လာစောင့်ကြည့်နေသည့် Beautifier of Diversity Network က ဖော်ပြသည်။

Beautifier of Diversity Network အဖွဲ့သည် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ် ၈၃ ခုမှ ပို့စ်ပေါင်း ၂ သန်းကျော်ကို လေ့လာသိမ်းဆည်းထားသည့် အဖွဲ့လည်းဖြစ်သည်။

ထိုအဖွဲ့၏ လေ့လာပြုစုမှုအရ စစ်တပ်ဝါဒဖြန့် အကြီးဆုံးချန်နယ်မှာ Kyaw Swar ချန်နယ်ဖြစ်ပြီး၊ ဒုတိယ KoThet နှင့် တတိယအကြီးဆုံး ချန်နယ်မှာ မှိုင်းဝေချန်နယ်တို့ဖြစ်သည်။ ထိုချန်နယ်များသည် ဖော်လိုဝါ တစ်သိန်းနှင့် တစ်သိန်းကျော်ရှိသည့် ချန်နယ်များဖြစ်သည်။

ထိုချန်နယ်များတွင် စစ်တပ်ဝါဒဖြန့်သတင်းများ ဖော်ပြရာတွင် ပို့စ်များကို အပြန်အလှန်တင်ခဲ့ကြပြီး မှိုင်းဝေချန်နယ်နှင့် ကိုသက်ချန်နယ်များက အပြန်အလှန်တင်ခဲ့သည့် ပို့စ်ပေါင်း ၁၀၀၀၀ ကျော်ထိရှိကြောင်း အထက်ပါ အဖွဲ့အစည်းက ကောက်ယူထားသည့် စာရင်းများက ဖော်ပြသည်။

စစ်တပ်ဝါဒဖြန့် ချန်နယ်များကို လေ့လာစောင့်ကြည့်နေသည့် ဗမာ့ပြည်တွင်းစစ်ပြတိုက် (Burma Civil War Museum – BCM) က စစ်တပ်လော်ဘီ ချန်နယ်များသည် ပြည်သူ၊ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကို ဝါဒဖြန့်ချိရာမှာ စနစ်တကျလုပ်ဆောင်နေသည်ဟု ဇန်နဝါရီ ၁ မှ ၁၆ ရက်အထိ နှစ်ပတ်ကြာပြုစုထားသည့် တွေ့ရှိမှုတွင် ဖော်ြပသည်။

မဲခေါင်သတင်းဌာနက စောင့်ကြည့်နေသည့် နာမည်ကြီး စစ်တပ်ဝါဒဖြန့် ချန်နယ်များတွင် အကြောင်းအရာတစ်ခုကို မျှဝေပါက ချန်နယ်များအားလုံးနီးပါးတွင် တချိန်တည်း တပြိုင်တည်း မျှဝေကြသည်ကို တွေ့ရသည်။

ဥပမာ MNDAA ယူနီဖောင်းဝတ်ထားသည့် ရဲဘော်တစ်ဦးက လောက်ကိုင်ရှိ ဗုဒ္ဓဘာသာစေတီတစ်ဆူအား တူဖြင့်ထုရိုက်နေသည့် ရုပ်သံကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းတွင် အထက်ပါ တယ်လီဂရမ်ချန်နယ်များအားလုံးမှာ တပြိုင်နက်တည်း တင်ထားသည်ကို တွေ့ရှိရသည်။

၎င်းတို့အလိုရှိသည့် ဝါဒဖြန့်မှုကို တချိန်တည်း တပြိုင်တည်း လုပ်ဆောင်နေမှုသည် စစ်တပ်မှာရှိသည့် မည်သို့သောအဖွဲ့အစည်း၊ မည်သည့်ဌာန၊ မည်သည့်ပုဂ္ဂိုလ်များက လုပ်ဆောင်နေသည်ကို စောင့်ကြည့်လေ့လာသူများပင် သေချာမပြောနိုင်ကြချေ။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် နယ်မြေများ၊ လက်နက်အများအပြားနှင့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီးနောက် စစ်တပ်လော်ဘီများသည် လူမျိုးရေး၊ ဘာသာရေးများနှင့်ပါ လှည့်တိုက်ပေးသည်။

သိမ်းပိုက်ခံလိုက်ရသည့် ကိုးကန့်နယ်မြေများတွင် ဗမာများနေထိုင်ခွင့် မပြု၊ ဗမာမှတ်ပုံတင် ကိုင်ဆောင်ခွင့်မရ စသည့် အမုန်းစကားများဖြင့် ဝါဒဖြန့်ကြသည်။

“မင်းတို့ ဗမာအားလုံး ဟိုအရင်ကလို လောက်ကိုင်သွားလို့ ရတော့မယ် မထင်နဲ့”၊ “မင်းတို့ ဗမာတွေ ပါတီနိုင်ငံရေးရူးနေသမျှ နိုင်ငံနယ်နိမိတ်တွေ ဆုံးရှုံးနေအုံးမယ်” စသည့် အခြေအမြစ်မရှိသည့် စကားများဖြင့် စစ်လော်ဘီချန်နယ်များတွင် အမုန်းစကားများ ရေးသားခဲ့ကြသည်။

ကိုးကန့်ဒေသမှာ စစ်စခန်းများနှင့် နယ်မြေများ ဆက်တိုက်ဆုံးရှုံးနေချိန်မှာပင် မည့်သည့်မှတ်ချက်မှ မပေးဘဲ ပျောက်နေသည့် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပင် ဘုရားစေတီကို တူဖြင့်ထုသည့် ကိစ္စကို အကျယ်တဝင့်ရှင်းလင်း ထွက်ပြောခဲ့သည်။

သူပြောသည့်အထဲတွင် MNDAA သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီကို ဖျက်ဆီးနေသည်ဟု ထပ်ခါတလဲလဲ သုံးနှုန်းခဲ့သည်။

ထိုစေတီသည် ၂၀၁၅ ကိုးကန့်တိုက်ပွဲအပြီး စစ်တပ်သိမ်းပိုက်လိုက်သည့် နန်ထင်မင်စမ်းတောင်တွင် ရှိသည့် ကိုးကန့်ရိုးရာနတ်ကွန်းကို ဖျက်ပြီး တည်ခဲ့သည့် စေတီဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘာသာရေးနဲ့ပတ်သက်ပြီး ပြောသည့် ထိုရုပ်သံဖိုင်ကိုလည်း စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်များအပြင် စစ်တပ်ထောက်ခံ မီဒီယာအမည်ခံများတွင်လည်း တချိန်တည်း ဖြန့်ဝေခဲ့ကြသည်။

ထိုဝါဒဖြန့်မှုများသည် တပ်တွင်းဝါဒဖြန့်မှုလား၊ ပြည်သူကို ဝါဒဖြန့်နေတာလား သုံးသပ်ရမည်ဖြစ်ပြီး ပြည်သူအပေါ်ဝါဒဖြန့်မှုကတော့ သိသာသည့် သက်ရောက်မှုမရှိပေမယ့် စစ်တပ်တွင်း ဝါဒဖြန့်မှုကတော့ တစ်စုံတရာ သက်ရောက်မှုရှိနိုင်သည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များကို လေ့လာစောင့်ကြည့်နေသည့် BCM မှ ကိုရဲဟိန်းအောင် က ပြောသည်။

“ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်ဆိုပြီး ကိုးကန့်စစ်ပွဲအပြီးမှာ စစ်လော်ဘီတွေက ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ကို လုပ်လာတာ” ဟု သူက ဆက်ပြောသည်။

စစ်ရှုံးသည့် စစ်တပ်လော်ဘီများသည် လောက်ကိုင်ကို ပြန်တိုက်ခိုက်ပြီး သိမ်းပိုက်ရန်အတွက် စစ်ပြင်ဆင်မှုအမျိုးမျိုးကို သူတို့၏ ချန်နယ်များတွင် ရေးသားဖြန့်ဝေခဲ့ကြသေးသည်။

ဆုံးရှုံးသွားသည့် နယ်မြေများသည် ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်က ပြန်တိုက်ယူမှာြဖစ်သောကြောင့်ဟု ရေးသားကြပြန်သည်။

“ဗုံးမွနေအောင်ကြဲ။ Mi17၊ MI 35 နဲ့ အုပ်လိုက် လူအပြည့်သယ်၊ အပေါ်က ထပ်ပစ်၊ လူပါတစ်ခါတည်းချ၊ ညှာလို့မရဘူး၊ တကယ်ဗျင်းမှ ရမယ်၊ ဗုံးကို အပြင်းစားတွေ သုံးမှရမယ်” စသည့် စကားလုံးများဖြင့် စစ်တပ်ထောက်ခံသူများ၏ လက်ခုပ်သံကို ယူခဲ့သည်။

ရှမ်းမြောက်တွင် စစ်တပ်ဆုတ်ခွာပေးလိုက်ရသည့် ၁၆ မြို့သည် တပ်မတော်ဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ဆုံးရှုံးမှုသာဖြစ်ပြီး တပ်မတော်အင်အားကောင်းစဥ်က တိုက်ယူခဲ့သည့် နယ်မြေများဟု စစ်တပ်ထောက်ခံသူများကို နှစ်သိမ့်ကြသည်။

တိုက်ခိုက်ရေးတပ်သား နှစ်ထောင်ကျော် လက်နက်ချအညံ့ခံလိုက်သည့် ဒ.က.စ လောက်ကိုင် အခြေအနေနှင့် ရှမ်းမြောက်စစ်ပွဲသည် အစသာရှိသေးပြီး အနည်းဆုံး ၁ နှစ်မှ ၂ နှစ်ထိ ကြာနိုင်သည်ဟုလည်း ပြောဆိုကြပြန်သည်။

တပ်မတော်က ထိုးစစ်စလျှင် ထိန်းချုပ်ထားသည့် မြို့များမှ လက်နက်ကိုင်တပ်များ ဘယ်လောက်တောင့်ခံ နိုင်မလဲဆိုတာ စောင့်ကြည့်ရမည်ဟု ကြွေးကြော်သည့် စစ်တပ်လော်ဘီ အကြီးဆုံး Kyaw Swar ချန်နယ်တွင် ဗမာများစည်းလုံးလျှင် ချက်ချင်းပြန်တိုက်ခိုက်နိုင်မည်ဟုဆိုသည်။

စစ်ရှုံးခဲ့သည့် ကိုးကန့်ကို ပြန်တိုက်ခိုက်ရန် စစ်တပ်လော်ဘီများက ပြောနေချိန်မှာပင် စစ်ကောင်စီဥပဒေများကို ပယ်ဖျက်ပြီး ပါတီ၊ စစ်တပ်နှင့် အုပ်ချုပ်ရေးကော်မတီများဖြင့် အစားထိုးမည်ဟု MNDAA က ကြေညာလိုက်သည်။

တော်လှန်ရေးအဖွဲ့များ ထိခိုက်မှုများရှိခဲ့လျှင် ဝေဝေဆာဆာဖော်ပြခဲ့သည့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များသည် “၁၀၂၇ စစ်ဆင်ရေး”မှာ စစ်ရှုံးခဲ့ပြီးနောက် စစ်တပ်ထောက်ခံသူများ၏ ထောက်ခံမှုကို မျှော်လင့်ချက်အမှားများဖြင့် စည်းရုံးခဲ့သည်။

မြို့များ၊ လက်နက်များ၊ ဗျူဟာစခန်းများ၊ ရာထူးကြီးပိုင်းများ ဆုံးရှုံးခဲ့ပြီးနောက် စစ်လော်ဘီချန်နယ်များတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပင် ဝေဖန်သည့် ပို့စ်များဖြင့် အားမလို၊ အားမရ ဖြစ်ခဲ့ကြသည်။

စစ်တပ်တယ်လီဂရမ်ချန်နယ်များကို စောင့်ကြည့်လေ့လာနေသည့် Beautifier of Diversity Network ၏ သုတေသီ မအေမီကလည်း “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်လော်ဘီများ လေသံပြောင်းသွားပုံကို ယခုလိုပဲ မှတ်ချက်ပြုသည်။

“စိတ်ဓာတ်ကျလာရင် သူတို့ချန်နယ်တွေကိုပဲ သွားကြည့်ဖြစ်တယ်။ တပ်ပျက်နေတာကို ပိုသိသာလာတော့ အားတက်လာတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now