လင်းမောင်
CMEC ဆိုတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းက ပြန်လည်အသက်သွင်းခဲ့တဲ့ နောက်ထပ် အရေးပါလှတဲ့ စီမံကိန်းတစ်ခုကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းပါပဲ။ ဘင်္ဂလားပင်လယ်အော်အစပ်မှာ တည်ရှိလို့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်အထိ တရုတ်ဘက်က တောက်လျှောက်ဆက်သွယ်နိုင်တဲ့ စီမံကိန်းလည်းဖြစ်တယ်။ ဒီစီမံကိန်းပြီးရင် မာလက်ကာရေလက်ကြားကိုပဲ အားကိုးလွန်းနေရမှုကို တရုတ်တို့ လျှော့ချနိုင်ပြီး သူတို့ရဲ့ သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ(ပစ္စိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုစလုံးမှာ စိုးမိုးရေးနဲ့ အင်ဒို-ပစ္စိဖိတ်ဒေသ အပေါ် လွှမ်းမိးနိုင်ရေးမဟာဗျူဟာ)ကို အကောင်အထည်ဖော်နိုင်မှာဖြစ်တာကြောင့်ပါ။ တရုတ်ရဲ့ ပထမဆုံး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရင်းနှီးမြှုပ်နှံမှု MOU စာချုပ်ကို ၂၀၀၉ ခုနှစ်မှာ ချုပ်ခဲ့တယ်။ ၂ နှစ်ကြာ ဖြစ်နိုင်ချေလေ့လာမှုအပြီး ၂၀၁၁ ခုနှစ်မှာ လုပ်ငန်းလုပ်ဆောင်ဖို့ အတည်ပြုနိုင်ခဲ့တယ်။
၂၀၁၅ ဒီဇင်ဘာမှာ မြန်မာအစိုးရနဲ့စာချုပ်တော့ တရုတ်နိုင်ငံတကာယုံကြည်ရသော ရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစုကြီး (CITIC) နဲ့ စာချုပ်လိုက်တယ်။ ဒါက ဦးသိန်းစိန်အစိုးရလက်ထက်မှာစီစဉ်ခဲ့တာတွေ ဖြစ်ပြီး ၂၀၁၈ NLD အစိုးရလက်ထက်မှာ ပြဌာန်းချက်အသစ်သတ်မှတ်မှုမှာ ဦးသိန်းစိန်အစိုးရခေတ်က တရုတ်ကို ရပိုင်ခွင့် ၈၅ ရာခိုင်နှုန်းပေးထားရာက မြန်မာဘက်က ရပိုင်ခွင့် ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးတောင်းလိုက်တယ်။
ဒါကြောင့် ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုဟာလည်း ဒေါ်လာ ၁ . ၃ ဘီလီယံ လျှော့ချလိုက်နိုင်တယ်။ ဒီပြောင်းလဲမှု က မြန်မာနိုင်ငံအတွက် ပိုအကျိုးအမြတ်ရာခိုင်နှုန်း ပိုမိုရရှိသွားစေတယ်ဆိုတာက သံသယရှိဖို့မလိုပါဘူး။ ဒါပေမဲ့ လည်း တရုတ်ဘက်က အကျိုးအမြတ်များစွာရရှိနေတုန်းပါပဲ။ စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျစားရိတ်နှုန်းက တော့ ဒေါ်လာ ၇ . ၃ ဘီလီယံအတိုင်းပဲ ဆက်ရှိနေစေတယ်။ ဒါပေမဲ့ မြန်မာဘက်က ရှယ်ယာ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရယူလိုက်မှုမှာ ပြန်ပေးလိုက်ရတဲ့ အတိုင်းအဆကလည်း ကြီးလှပါတယ်။ မူလက CITIC က နှစ် ၅၀ တစ်ဦးတည်း စီမံပိုင်ခွင့်ရှိရာကနေ နောက်ထပ် ၂၅ နှစ် ထပ် စီမံပိုင်ခွင့် တိုးမြှင့်ရယူသွားတယ်။
ထင်သာမြင်သာရှိမယ့် အစိုးရပူးပေါင်းစီမံကိန်းတွေထဲက နှိုင်းယှဉ်ပြရရင် ဂျပန်အစိုးရပေးထားတဲ့ သီလဝါဆိပ်ကမ်းစီမံကိန်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။ မြန်မာအစိုးရဟာ သီလဝါဆိပ်ကမ်းစီမံကိန်းကနေ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအထိ ရနိုင်ခဲ့တာပါ။ ဒါကြောင့် NLD အစိုးရလက်ထက် အကျိုးအမြတ်ပိုမိုရရှိဖို့ ကြိုးစားခဲ့မှုဟာ လည်း တရုတ်အတွက် အများကြီး အကျိုးအမြတ်ပိုရစေတာကို မီးမောင်းထိုးပြနေနိုင်တာပါပဲ။
မြန်မာ့အရေးမှာ စစ်အာဏာတွေသိမ်းပြီး အကြိမ်ကြိမ် ပဋိပက္ခအသွင်တွေ ဆောင်ခဲ့ပေမယ့် တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာအကြိမ်ကြိမ်သုံးပြီး အာဏာသိမ်းစစ်အစိုးရကို အနောက်နိုင်ငံတွေ ရဲ့ အရေးယူမှုကနေ ကယ်ထုတ်နေခဲ့တာဟာ မြန်မာအပေါ် တရုတ်နိုင်ငံရဲ့ စိုးမိုးထားနိုင်စွမ်းကို ပြသနေခြင်းလဲ ဖြစ်တယ်။ ရိုဟင်ဂျာအရေးတုန်းကလည်း မြန်မာအစိုးရအပေါ် အနောက်နိုင်ငံတွေ ဝင်စွက်ဖက်လို့မရအောင် တရုတ်က သိသိသာသာ အကာအကွယ်ပေးခဲ့တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် The Hague ကိုသွားပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် ICJ ရဲ့ ကြားနာ မှုကို သွားမရှင်းခင် အဲဒီအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၂၀၁၉ ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို ရောက် လာခဲ့ပါသေးတယ်။ ၀မ်ယိက မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ မြန်မာပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက် မှုမြန်ဆန်ရေး CMEC စီမံကိန်းကို အမြန်ဆုံးအရှိန်မြှင့်အကောင်အထည်ဖော်ဖို့တိုက်တွန်းပြီး အဲဒီအတွက် ရိုဟင်ဂျာစွဲချက်မှာ နိုင်ငံတကာက ဝင်မရှုပ်စေဖို့ ထောက်ခံချက်ပေးသွားမယ်လို့ ကတိပြုခဲ့တယ်။
တရုတ်ဟာ NLD အစိုးရအတွက်ရော၊ အာဏာသိမ်းစစ်အစိုးရအတွက်ပါ မဖြစ်မနေပူးပေါင်းဆောင်ရွက်ခဲ့ရတဲ့ လွှမ်းမိုးသူဖြစ်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။ လူအများစုက နိုင်ငံတကာဖိအားတွေက မြန်မာနိုင်ငံကို တရုတ်လက် အောက်ပိုပိုပြီးတွန်းထည့်နေတဲ့ဖိအားတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ကြတယ်။ ကုလသမဂ္ဂကိုယ်တိုင်က မြန်မာ့အရေးဝင်မစွက်ဖက်နိုင်ဖို့ကို တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ မဟာမိတ်အဖြစ်နဲ့ သံတမန်တံတိုင်း လွှမ်းခြုံကာရန်ပေးပြီး အကျိုးအမြတ်ရှာတယ်။
စစ်ကောင်စီ အကြီးအကဲတွေဘက်က တရုတ်မှီခိုရလွန်းမှုကို လျှော့ချဖို့ နည်းလမ်းပေါင်းစုံ သုံးပြီးကြိုးစားခဲ့ သေးပေမယ့် ရိုဟင်ဂျာအရေး ပြဿနာကလည်း ကြီးထွားသထက်ကြီးထွားလာတယ်။ ဒီအချိန် အာဏာရထားတဲ့ အတိုက်အခံ NLD အစိုးရက ဝင်ဖြေရှင်းပေးရချိန် စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ ရိုဟင်ဂျာအရေး အခြေအနေတွေကို တင်ပြနိုင်ဖို့ NLD အစိုးရကို ဘာမှ မပေးခဲ့ဘူး။ ဒီတော့ NLD အစိုးရဟာလည်း တရုတ်အပေါ် အားကိုးတကြီး ပတ်သက်လိုက်ရပြန်တာပဲ။
ပြောရရင် ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းနဲ့ တစ်ဆက်တည်းတွဲပါလာတာက မြန်မာဟာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပြည်ပဝင်စွက်ဖက်မှုကိုရှောင်ရှားဖို့အတွက် တရုတ်ကိုပဲ အဓိကအားထားနေရသေးတာ သက်သေပြလိုက်တာ ပဲ။ မြန်မာဟာ ဒီဘက်ခေတ်ပိုင်းတရုတ်နဲ့ နိုင်ငံရေး၊ စီးပွားရေးချိန်ခွင်လျှာ ပြန်မျှတလာဖို့ ကြိုးစားခဲ့ကြပေမယ့် ရိုဟင်ဂျာအရေးကြောင့် တရုတ်ဘက်ကို ယိမ်းယိုင်ပေးရသထက် ယိမ်းယိုင်ပေးလိုက်ရတယ်။ မြန်မာဘက်က အကျိုးအမြတ်ပိုလိုချင်တဲ့ ဆက်ဆံရေး၊ စီးပွားရေးပိုင်းကို တောင်းဆိုခွင့်အခန်းကဏ္ဍတွေက လျော့သထက် လျော့ သွားရတယ်။
ကျောက်ဖြူဆိပ်ကမ်းဆိုတာက စီးပွားရေးဆိပ်ကမ်းပါ။ ဒါပေမဲ့ တရုတ်ပြည်သူ့ပါတီရဲ့ ခေတ်မီ စီမံကိန်းတွေ အတွက်သာမက ဒီပါတီရဲ့ ပုလဲကြိုးတစ်ချောင်း အယူအဆ (‘string of pearls’ concept) အတွက်ပါ နှစ်ဖက်သုံး နိုင်တဲ့ စီမံကိန်းဖြစ်လာတယ်။ string of pearls’ concept ဆိုတာ ပင်လယ်ကမ်းရိုးတမ်းနိုင်ငံအားလုံးကို ပုလဲ သီတဲ့ကြိုးတစ်ချောင်းတည်းလို့ သူတို့နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးအဆောက်အအုံ ကွန်ရက်လမ်းတွေ ဖော်ဆောင်ရေး အယူအဆလို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံထဲမှာ ပြည်ပစစ်တပ်တွေကို ထားရှိခြင်းလုံး၀မပြုထားပါဘူး။ အဲဒီမှာ မေးဖို့ရှိလာတဲ့မေးခွန်းကတော့ ကျောက်ဖြူဆိပ်ကမ်းကို တရုတ်က ပိုင်ဆိုင်ပြီး ထောက်လှမ်းရေး သတင်းအချက်အလက်စုဆောင်မှုနဲ့ ပထဝီနိုင်ငံရေး ရည်ရွယ်ချက်တွေလုပ်လာတဲ့အခါ ဘယ်လိုသဘောထား မလဲ၊ ခွင့်ပြုမလဲဆိုတာပါပဲ။ ဘာနဲ့အလားသဏ္ဍန်တူသွားမလဲဆိုတော့ မြန်မာနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဟာ တရုတ်ရဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုမှာ ဗဟိုချက်ကျသွားမယ်၊ ကြားက အကာအကွယ်ပေးထားနိုင်မယ့် အကာအရန်တစ်ခုအဖြစ် မြန်မာကိုအသုံးချသွားမယ်ဆိုတာပဲ အဖြေထွက်မှာပါ။
#MeKongNews