မဲခေါင်၊ မတ် ၈
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြိုကို စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ PNLA က ဒီနေ့ မတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အဆိပ်ငွေ့ဗုံးသုံးတိုက်ခိုက်တာကြောင့် PNLA တပ်ဖွဲ့ဝင်တွေမှာ အရေပြားတွေယားယံတာ၊ မူးဝေတာ၊ အသက်ရှုမြန်ပြီး မအီမသာခံစားရတာ၊ စိတ်လှုပ်ရှားမှု မြန်ဆန်ပြီး မောပန်းတာ၊ အောက်စီဂျင်တာတွေ ပုံစံတူ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိပ်ငွေ့တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကိုလည်း တပ်ဖွဲ့ဝင်တွေက ဆေးဝါးကုသပေး နေရဆဲလို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ဆီဆိုင်မြို့ကို တိုက်ခိုက်လို့ နေအိမ် ၆ အိမ်ထက် မနည်း ပျက်စီးခဲ့ရတယ်လို့ ပါရှိရပါတယ်။
စစ်ကောင်စီဟာ ယမန်နေ့ မတ်လ ၇ ရက်က ပအိုဝ်းအမျိုးသားဝတ်စုံတွေ ဝတ်ဆင်ပြီး ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးဖို့အင်အားတွေဖြည့်တင်းနေခဲ့တာမှာ ပြည်သူလူထုရဲ့ ကားတွေကို ချောဆွဲပြီး အတင်းအဓမ္မပို့ဆောင်စေခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုပြီး ပအိုဝ်းဒေသကို အကြမ်းဖက်တိုက်ခိုက်စေတာဟာ ပအိုဝ်းအမျိုးသားတို့ရဲ့ အမျိုးသားဂုဏ်လက္ခဏာကို ဖျက်ဆီးတာနဲ့ စစ်ရာဇတ်မှုကို ကျူးလွန်နေတာလို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
MK-012