မဲခေါင်၊ သြဂုတ် ၁၁
မြောက်ကိုရီးယား သတင်း အေဂျင်စီဖြစ်တဲ့ KCNA ဖော်ပြမှုအရ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဟာ စစ်ဦးစီးချုပ် ပက်ဆူအီ ကို ရာထူးက ဖြုတ်ပြီး သူ့နေရာမှာ ဗိုလ်ချုပ်ရီယောင်ဂီလ် ကို အစားထိုး ခန့်အပ်လိုက် ပါတယ်။
ဒါ့အပြင် စစ်ပွဲကြီး ဖြစ်ပွားဖို့ ပိုပြီးဖြစ်လာနိုင်ချေ များလာတဲ့ အတွက် လက်နက်ထုတ်လုပ်မှု၊ စစ်ရေးလေ့ကျင့်မှု တွေကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်ကြဖို့ အမိန့်ပေး မှာကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒီအမိန့်ကို သူ့ပါတီ ဗဟိုစစ်ကော်မရှင် အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်တယ်ဆိုတာက လွဲလို့ KCNA က အကျယ်တဝင့် ရှင်းလင်း ဖော်ပြခဲ့တာ မရှိပါဘူး။
ကင်ဂျုံအန်ဟာ ဒီရက်ပိုင်းတွေထဲ မြောက်ကိုရီးယား လက်နက်စက်ရုံတွေဆီ ဆက်တိုက် သွားရောက်နေပြီး လက်နက်ကြီးတွေ၊ အမြောက်တွေ ပိုမိုထုတ်လုပ်ဖို့၊ ဒုံးကျည် အင်ဂျင်နီယာတွေ ပိုမိုခန့်အပ်ပြီး ထုတ်လုပ်မှု တိုးမြှင့်ဖို့ ဆက်တိုက် မှာကြားနေပါတယ်။
KCNA ရဲ့အဆိုအရ မြောက်ကိုရီးယား စစ်တပ်ဟာ အချိန်မရွေး စစ်ပွဲရင်ဆိုင်ဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်ကျော်က ရုရှားနဲ့ တရုတ် အဆင့်မြင့် သံတမန်တွေ မြောက်ကိုရီးယားကို လာရောက် လည်ပတ်ခဲ့ပြီး နောက် ကင်ဂျုံအန်ဟာ နိုင်ငံတဝန်း ပုံမှန်စစ်တပ်၊ အရန်တပ်နဲ့ ပြည်သူ့စစ် အင်အားတွေကို တိုးမြှင့်ဖွဲ့စည်းနေပြီး စစ်ပွဲအတွက် အလုံးစုံ ပြင်ဆင်မှုတွေကို လုပ်နေခဲ့တာ ဖြစ်ပါတယ်။
MKF-001
#Mekongnews
#မြောက်ကိုရီးယား
#ကင်ဂျုံအန်
#KCNA
Ref: outlookindia