မဲခေါင်၊ ဖေဖော်ဝါရီ ၁၈
ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီဟာ ထောင်ထဲမှာ လမ်းလျှောက်ရင်း သတိလစ် လဲကျပြီး သေဆုံးသွားတယ်လို့ ရုရှားထောင်အာဏာပိုင်တွေက ထုတ်ပြန်ပြီးနောက် ကမ္ဘာ့ နိုင်ငံအသီးသီးက ရုရှားသံရုံးတွေ ရှေ့မှာ လူတွေစုရုံးပြီး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ဂျာမနီကနေ ရုရှားနိုင်ငံကို ပြန်ဝင်လာပြီးသူ့ကို နံပါတ် (၁) ရန်သူလို့ သတ်မှတ်ထားတဲ့ ရုရှားသမ္မတပူတင်နဲ့ မျက်နှာချင်းဆိုင်ဖို့ရောက်ရှိလာတုန်း ဖမ်းဆီးခံရသလို စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ဝန်းကျင် ချမှတ်ခံရတဲ့ အလက်ဇီနာဗယ်လ်နီဟာ ဝေလံသီခေါင်တဲ့ ဆိုက်ဘေးရီးယားက ပိုလာဝံပုလွေ အကျဉ်းထောင်ထဲ ရွှေ့ပြောင်းထားရှိထားသူပါ။
ယူကရိန်းစစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူဖြစ်သလို ရုရှားနိုင်ငံက ပူတင်ကြီးစိုးထားတဲ့ အာဏာရှင်စနစ်ကို မကြောက်တမ်း ဆန့်ကျင်ခဲ့တဲ့ ကလေးနှစ်ယောက်ဖခင် နာဗယ်လ်နီ ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ၄၇ နှစ်အရွယ်မှာ သေဆုံးခဲ့ကြောင်း၊ သတိလစ်လဲကျပြီးနောက် ဆရာဝန်တွေ အချိန်မီကယ်ဆယ်ပေမယ့် မရတော့ဘဲ သေဆုံးသွားတာဖြစ်တယ်လို့ ပိုလာဝံပုလွေ ထောင်အာဏာပိုင်တွေက ထုတ်ပြန်သွားပါတယ်။
ရုရှားနိုင်ငံရဲ့ အနာဂတ်လွတ်လပ်ရေး ပြယုဂ်လို့ သတ်မှတ်ထားကြတဲ့ နီဗယ်လ်နီ သေဆုံးမှုဟာ ပူတင်ရဲ့ အမိန့်နဲ့ သတ်ဖြတ်ခြင်းခံရတာသာဖြစ်မယ်လို့ အားလုံးက ယုံကြည်ထားပြီး မော်စကိုမှာပါ ဆန္ဒပြသူတွေ စုံရုံးခဲ့လို့ အယောက် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
မြူးနစ်၊ မက်ဒရစ်၊ လန်ဒန်၊ ဝါဆော၊ နယူးယောက်၊ ပဲရစ်၊ လစ္စဘွန်း အစရှိတဲ့ မြို့ကြီးတွေက ရုရှားသံရုံးတွေရှေ့မှာ နာဗယ်လ်နီသတင်းထွက်လာပြီးနောက် ရာထောင်ချီတဲ့ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ပူတင်ကို လူသတ်သမား၊ စစ်ရာဇဝတ်မှုကျူးလွန်သူ၊ နိုင်ငံတကာခုံရုံးတင်ပြီး သေမိန့်ပေးသင့် သူဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆွဲလို့ ဆန္ဒပြနေကြပြီဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ပူတင်ဟာ တိုင်းတပါးသားတွေအပေါ်သာ ရက်စက်သူမဟုတ်ဘဲ ကိုယ့် ရုရှားပြည်သူတွေအပေါ်မှာပါ ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း၊ နာဗယ်လ်နီ သေဆုံးမှုအတွက် သေချာပေါက် တာဝန်ယူမှုရှိရမှာဖြစ်ကြောင်း သတိပေးမှတ်ချက် ထုတ်ပြန်သွားပါတယ်။ နာဗယ်လ်နီရဲ့ဂျာမနီမှာနေတဲ့ ဇနီး သည် ယူလီယာကတော့ ပူတင်ဟာ အမြဲတမ်း အလိမ်အညာမုသားတွေ ထုတ်ပြန်တတ်သူမို့ သေဆုံးကြောင်းကို အတည်မပြုနိုင်သေးကြောင်း၊ မယုံကြည်နိုင်သေးကြောင်းနဲ့ တကယ်လို့သတ်ဖြတ်ခံရတယ်ဆိုရင် ပြန်ပေးဆပ်သွားရမယ်လို့ ပြောကြားသွားပါတယ်။
Ref:Thesun
MKF-001