မဲခေါင်၊ သြဂုတ် ၈
မြန်မာနိုင်ငံ ပဋိပက္ခကို အာဆီယံအဖွဲ့က ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပါက အာဆီယံအဖွဲ့ထံ အဖွဲ့၀င်ခွင့် လျှောက်ထားတာကို ပြန်လည် သုံးသပ်သွားမယ်လို့ တီမောလက်စတေးနိုင်ငံ ၀န်ကြီးချုပ် ဆာနာနာဂုစ်ေမာ်က ပြောပါတယ်။
ဒီမိုကေရစီစနစ် ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ စစ်အာဏာရှင် နိုင်ငံတွေကို လက်မခံကြောင်းနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှူ မထားနိုင်ေကြာင်း ဆာနာနာက ကြာသာပတေးနေ့ နေ့စွဲတပ်ထားတဲ့ ထုတ်ပြန်ချက်မှာ ပြောတာပါ။
“အာဆီယံ အနေနဲ့ မြန်မာ အာဏာသိမ်း စစ်တပ်ကို နားမချနိုင်ရင် တီမောလက်စတေး နိုင်ငံ အနေနဲ့ အာဆီယံ အဖွဲ့ကို ၀င်ရောက်မှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီမှာ အာဆီယံနဲ့ မြန်မာစစ်တပ်တို့က ဘုံသဘော တူညီချက် ၅ ချက်ကို သဘောတူခဲ့ ပေမဲ့ စစ်တပ်ဘက်က ကတိမတည်တာကြောင့် အကောင်အထည်ဖော်မှုပိုင်းမှာ ကြန့်ကြာနေပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခ အဆုံးသတ်နိုင်အောင် ဆွေးနွေးနိုင်ရေး အာဆီယံက မစွမ်းဆောင် နိုင်တာဟာ အာဆီယံကို ယုံကြည်လို့ မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနဲ့ ဆာနာနာတို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ဆာနာနာက ထုတ်ပြန်ခဲ့တာပါ။
တီမောကျွန်းကို အင်ဒိုနီးရှားနိုင်ငံနဲ့ နယ်နိမိတ်ဝေမျှထားတဲ့ တီမောလက်စတေးနိုင်ငံဟာ အာဆီယံအဖွဲ့၀င်ခွင့်ရဖို့ ကြိုးစားခဲ့ပြီး ၂၀၂၂ ခုနှစ် အကုန်ပိုင်းမှာ အာဆီယံက ၁၁ နိုင်ငံမြောက် အဖွဲ့၀င်နိုင်ငံအဖြစ် တီမောလက်စတေးနိုင်ငံကို မူအားဖြင့် သဘောတူခဲ့ပါတယ်။
တီမောနိုင်ငံရဲ့ စုပေါင်းထုတ်ကုန် တန်ဖိုး(ဂျီဒီပီ)ဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၂,၄၅၀ သာ ရှိနေတာက အဖွဲ့၀င်ဖြစ်ဖို့ အခက်အခဲ ဖြစ်နေတာပါ။
“ဒီကိစ္စအတွက် လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း သိရနိုင်ချေရှိပါတယ်”လို့ အခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရသူ တူကူ ဖိုင်ဇက်ယာက စနေနေ့မှာ တုံ့ပြန်ပါတယ်။
လာမယ့်လ အစောပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံဟာ ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
ဥက္ကာ
#Mekongnews
#မြန်မာနိုင်ငံအရေး
#အာဆီယံ
#တီမောနိုင်ငံ
Source – Jakarta Post
Photo – Reuters








