ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ
မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀ ကျော် ပိတ်မိနေသည်မှာ တပတ်ကျော်ကြာမြင့်ပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။
လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊ လွိုင်လင်မြို့အဝင်အထွက်၊ ပင်လုံမြို့အဝင်အထွက် ၊ လွိုင်လင်-နမ့်စန်လမ်းဘက်တွင် သံတိုသံစသယ်သည့်ကားများကို စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသေးပဲ ပိတ်ပင်ထားခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုကျသွားပြီးနောက် အခြားကုန်တင်ကားများကို စစ်ကောင်စီက သွားခွင့်ပြုခဲ့သော်လည်း သံတိုသံစသယ်သည့် ကားများကို စစ်ကောင်စီက ဆက်လက်ပိတ်ထားနေခြင်းဖြစ်သည်။
“ပိတ်မိနေတဲ့ ကားတွေက လွိုင်လင်မှာရော၊ ပင်လုံမှာရော နမ့်စန်ဘက်ရောအကုန်ပိတ်မိနေတယ်။ အပိုင်းလိုက်ကို တားပြီး ပိတ်ထားကြတယ်။ မပေးသွားတာ ၉ ရက်ရှိပြီ ကားတွေခံနေတာကလေ။ ကားအစီးရေ ၂၀၀ ကျော်က အနည်းဆုံးဖြစ်မယ်”ဟု ကားသမားတစ်ဦးကပြောသည်။
ယခင်တွင် သံတို သံစသယ်သည့် ကားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထောက်ခံစာ၊ စည်ပင်ထောက်ခံစာ၊ အောက်ပြည် မန္တလေးဘက်မှ ကုန်လက်ခံမည့်လုပ်ငန်းရှင်၏ ထောက်ခံစာများ ပြည့်စုံပါက စစ်ကောင်စီဂိတ်မှ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း လက်ရှိတွင် ဖြတ်သန်းခွင့်မပြုတော့ပဲ ပိတ်ထားနေခြင်းဖြစ်သည်။
“အခုက ပိုင်ရှင်ကိုယ်တိုင် ရှမ်းပြည်နယ်အစိုးရထောက်ခံစာ၊ ပြည်နယ် လုံနယ်ဝန်ကြီး လက်ထိုးထားတဲ့ သွားလာခွင့်လက်မှတ်ပါမှ ပေးသွားမယ်လို့ ပြောတယ်ဗျ။ အခု ထောက်ခံစာ ယူဖို့ကလည်း မလွယ်တော့ ပိတ်မိကုန်တယ်။ လွိုင်လင်ရောက်မှ လုံနယ်ဝန်ကြီးထောက်ခံစာကို ထပ်ယူခိုင်းတယ်လေ”ဟု ကားသမာတစ်ဦးကပြောသည်။
ထို့ကြောင့် လက်ရှိပိတ်မိနေသည့် ကားများမှာ စစ်ကောင်စီ၏ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးပေးသည့် ထောက်ခံစာကို ရရှိရန် လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် တောင်ကြီးတွင် သွားရောက်ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု ကားသမားများကပြောသည်။
“ဂိတ်တွေကလည်း ညှိမရဘူး။ လွတ်လည်းမလွတ်ပေးဘူး။ အဖွဲ့စုံနဲ့ စစ်ဆေးနေတာဖြစ်တဲ့အတွက် လုံနယ် ဝန်ကြီးလက်မှတ်ရမှ ပြန်လာပါ။ ချက်ချင်းပေးသွားမယ်လို့ပဲ ပြောနေတယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယင်းကဲ့သို့ ကြိုတင်အကြောင်းမကြားပဲ ထပ်မံ တင်းကျပ်ခြင်းကြောင့် သံတိသံစ သယ်ယူသည့် ကားများအနေဖြင့် နယ်လုံ ဝန်ကြီးထောက်ခံစာရရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။
#MeKongNews
#စစ်ကောင်စီ
#ကီလိုကား
#စစ်ကောင်စီ
#ပိတ်မိနေ
#စစ်ဆေးရေးဂိတ်








