မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို ၇၀၀၀၀ ကျပ်သာရှိသော်လည်း မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၅၅၀၀ ကျပ်အထိ နှင့် ယနေ့တွင် မူဆယ်၊ မိုင်းပေါက်၊ မိုင်းလား၊ ဝိန်းကောင် စသည့်မြိုးများတွင် ယွမ် ၁၀၀ကို ကျပ်ငွေ ၇၆၀၀၀ ထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ မူဆယ်မှာ ယွမ် ၁၀၀ကို မြန်မာငွေလဲရင် kpayနဲ့ဆို ၇၆၀၀၀ ရပြီ။ ငွေသားယူရင်တော့ ၅၀၀ လျော့တယ်။ မနေ့ကထက် ၁၀၀၀ ကျပ် ထပ်တက်ပါတယ်။ ဒါက မနက်ဈေးပါ။ ကျပ်ပေး ယွမ်ယူရင်တော့ ယွမ် ၁၀၀ကို ၇၇၀၀၀ ပေးရတယ်”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ လလယ် ၁၅ ရက်အထိ ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၆၅၀၀၀ ခန့်သာ ဈေးရှိသော်လည်း စစ်ကောင်စီက ဗဟိုဘဏ်ဆီမှ ကျပ်ဘီလျံ ၂၁၀၀ ချေးယူမည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပြီးသည့်နောက် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းသွားခဲ့ကာ တလအကြာ လက်ရှိတွင် ယွမ် ၁၀၀ ကို ၇၆၀၀၀ ကျပ်ထိ ဖြစ်လာခြင်းဖြစ်သည်။
နယ်စပ်မြို့မဟုတ်သည့် ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်း၊ မိုင်းရယ် စသည့်မြို့များတွင်မူ တရုတ်ယွမ်ငွေ ၁၀၀ ကို မြန်မာငွေ ၇၅၀၀၀ ရှိနေသည်ဟုဆိုသည်။
နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ငွေလဲလှယ်မှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။
မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းသည် ပြည်ပမှတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကိုလည်း မြင့်တက်စေနိုင်ပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအပေါ် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်သည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းများ မတည်ငြိမ်သေးသဖြင့် ရှမ်းပြည်အတွင်း ကုန်ဈေးနှုန်းများအပေါ် မည်သို့သက်ရောက်လာမည်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။
#MeKongNews
#ရှမ်းပြည်
#တရုတ်ငွေ
#မြန်မာငွေ
#ငွေဈေး
#ဈေးတက်








