မဲခေါင်၊ စက်တင်ဘာ ၂၉
တခြားအမှုဖြင့် ဖမ်းဆီးခံရသူများကို PRF ထောက်ပို့တပ်သားများဖြစ်သောကြောင့် ဖမ်းဆီးခံရသူများအဖြစ် စစ်ကောင်စီက ပုံဖော်ဝါဒဖြန့်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်တွင် PRF သို့ Wave Pay ဖြင့် ထောက်သို့သူ ၇၀၀ ခန့်၊ NUGpay ဖြင့် ထောက်ပို့သူ ၁၀၀၀ ခန့်၊ SDB ဖြင့် ထောက်ပို့သူ ၁၀၀၀ ခန့်၏ ကိုယ်ရေးအချက်အလက်များကို ရရှိထားပြီး ၂၁ ဦးကို ဖမ်းဆီးထားသည်ဟု ဖော်ပြသည်။
ထိုဖမ်းဆီးခံရသူများအနက် ရှမ်းပြည် ရွှေညောင်မြို့နှင့် လားရှိုးမြို့မှ အမျိုးသီး ၂ ဦး ပါဝင်သည်ကို တွေ့ရသည်။
ထိုဖမ်းဆီးခံရသူအနက် ရွှေညောင်မြို့မှ မမျိုးမျိုး(ခ)မျိုးမြမြတ်ထွန်းကြည်ကို စက်တင်ဘာ ၈ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ၎င်းသည်တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ သွားရောက်စဉ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် အကြောင်းအရာမှာ Clean Yangon အဖွဲ့မှတဆင့် စစ်ဘေးရှောင်များအတွက် Kpay ဖြင့် အလှူလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခြင်းကြောင့် ဖြစ်သည်။
၎င်းကို စစ်ကောင်စီက အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
နောက်တစ်ဦးဖြစ်သည့် လားရှိုးမြို့မှ အဖမ်းခံရသူမှာ ရပ်ကွက် ၉ တွင် နေထိုင်သည့် မမေရီဆန်စင် ဆိုသူ ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။
၎င်းကို ဖမ်းဆီးရခြင်းမှာ Facebook တွင် တင်ထားသည့် တော်လှန်ရေးဘက်မှ စစ်ကောင်စီဘက်ပြောင်းသွားသူတစ်ဦး၏ အကြောင်းအရာပိုစ့်အောက်တွင် မှတ်ချက် ရေးသားခဲ့မှုကြောင့် ဖြစ်သည်။
မမေရီဆန်စင်သည် လားရှိုးမြို့တွင် ဆန်ဆိုင်ဖွင့်ထားသဖြင့် ပိုစ့်အောက်တွင် မှတ်ချက်ရေးသားရုံဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများက ငွေညစ်ရန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ငွေညစ်မရသည့်နောက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပင် အမှုဖွင့် အရေးယူခံခဲ့ရသည်။
“သူက စစ်ကောင်စီနဲ့ဆိုင်တဲ့ ပိုစ့်တစ်ခုမှာ ကောမန့်ရေးမိတာပဲရှိတာပါ။ အဲ့ဒါကို ငွေညှစ်ချင်လို့ အုပ်ကြီးနဲ့ စကစတွေ ပေါင်းပြီး လုပ်ကြတာ၊ ဆန်ဆိုင်ဖွင့်ထားတော့ ပိုက်ဆံရှိတယ်ဆိုပြီးလုပ်တာ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
သို့သော် ၎င်းတို့ ၂ ဦးလုံးကို စစ်ကောင်စီက ယခင်တွင် ဖမ်းမိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သော်လည်း ယနေ့တွင် PRF ကိုထောက်ပို့မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများဟု တစ်ခါထပ်မံထုတ်ပြန်လာသည်ကို တွေ့ရသည်။
PRF ထောက်ပို့များအနေဖြင့် တော်လှန်ရေးကို ထောက်ပို့ရာတွင် အမည်ဝှက် နှင့် Email သာ လိုအပ်သဖြင့် စစ်ကောင်စီထုတ်ပြန်သကဲ့သို့ ပုံနှင့်တကွ PRF မှ ကိုယ်ရေးအချက်အလက်ကို ရရှိသည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်သည်ဟုလည်း PRF ထောက်ပို့တပ်သားတစ်ဦးက ပြောဆိုထားသည်။
ထို့အပြင် စစ်ကောင်စီက ဖော်ပြထားသည့် PRF ဝက်ဆိုက်ဒ်ဆိုသည့် လင့်သည် ပုံမှားရိုက်ပြီး ဖန်တီးထားခြင်းသာဖြစ်ပြီး လင့်အစစ်မဟုတ်ကြောင်းလည်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ၎င်း၏ လူမှုကွန်ယက်မှုတစ်ဆင့် အသိပေးထားသည်။
“သူတို့တင်လားတဲ့ Form လင့်ခ်ကို PRF ရဲ့ စာမျက်နှာတွေမှာရော၊ MOD ရဲ့ စာမျက်နှာတွေမှာရော ရေးထားတာ မတွေ့ရသလို PRF မန်ဘာဝင်သူတွေအနေနဲ့ From တစ်ခုခုကို ဖြည့်ရတာမျိုး မရှိပါဘူး” ဟု ၎င်းကပြောသည်။
ထို့ကြောင့် စစ်ကောင်စီသည် အခြားနည်းလမ်းဖြင့် ဖမ်းဆီးခဲ့သူများကို PRF နှင့်ချိတ်ပြီး PRF ဝက်ဆိုက်ဒ်မှ ပေါက်ကြားသဖြင့် ဖမ်းမိသည်ဆိုသည့် သတင်းမှားတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခြင်းဖြစ်နိုင်ကြောင်းလည်း ဦးနေဘုန်းလတ်က ၎င်း၏ လူမှုကွန်ယက်တွင် ပြောသည်။
“အခုအခြေအနေမှာ ဖမ်းဆီးခံရသူအချို့နဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာတစ်ခုက အကြမ်းဖက်စစ်တပ်ဘက်က modnug.org ဒိုမိန်းကိုဝယ် အဲဒီ့ ဒိုမိန်းမှာ form တစ်ခုတည်ဆောက်ပြီး PRF ဝင်ချင်ရင် အဲဒီ့ form မှာ ဖြည့်ပါဆိုတဲ့ပုံစံနဲ့ Phishing Website တစ်ခု ဖန်တီးထားတာကို မသိပဲ အဲဒီ့မှာ အချက်အလက်တွေသွားပေးမိတဲ့ ပြည်သူအချို့ကို PRF ကို ထောက်ပို့ပါတယ်ဆိုပြီး ဖမ်းဆီးတာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အခြား နည်းလမ်းတစ်ခုခုနဲ့ ဖမ်းမိထားတဲ့သူတွေကို PRF နဲ့ တွဲချိတ်ပြီး PRF website ကနေပေါက်လို့ ဖမ်းဆယ်ဆိုတဲ့ သတင်းမှား တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ပုံရပါတယ်” ဟု ၎င်းကပြောသည်။
PRF တွင် မရှိသည့် PRF ထောက်ပို့တပ်သားများ၏ အချက်အလက်များကို ဖော်ထုတ်ရရှိထားသည်ဟု စစ်ကောင်စီဝါဒဖြန့်မှုသည် အရပ်သားများများ အစုလိုက် အပြုံလိုက် ဗုံးကြဲသတ်ဖြတ်သည့် ၎င်းတို့၏ ပြစ်မှုများကို ဖုံးကွယ်ရန် လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ လူစည်ကားရာ ဈေးအနီးသို့ ယမန်နေ့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု ၄၉ ဦးထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိသည်ဟု AA က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ အရပ်သားနေထိုင်ရာနေရာ ၂ ခုကိုလည်း စစ်ကောင်စီက ယမန်နေ့တွင် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုသတင်းများ ပျံ့နှံ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီက PRF မှတဆင့် တော်လှန်ရေးအား ထောက်ပို့နေသူများကို ဖမ်းဆီးရမိကြောင်း၊ အချက်လက် ၂၇၀၀ ကျော်ရရှိထားကြောင်း ဝါဒဖြန့်လာခြင်း ဖြစ်သည်။
#MeKongNews
#PRF
#စစ်ကောင်စီ
#ဝါဒဖြန့်
#ဖမ်းဆီး








