မဲခေါင်၊ ဇူလိုင် ၁၇
မှတ်တမ်းပြုစုနိုင်သမျှထဲ ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူကြီးအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့သော “ပြိုင်ဘက်”ဟု အမည်ပေးထားသည့် ငါးမန်းဖြူကြီးသည် ဧပြီ ၂၃ ရက်က ခြေရာခံအချက်ပြစနစ်တွင် နောက်ဆုံးတည်နေရာ သိရပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ ဇူလိုင် ၁၄ ရက်အရောက်မှ အတ္တလန္တိတ်သမုဒ္ဒရာ၊ မြောက်အမေရိက ကမ်းရိုးတန်းဒေသ၌ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
သုတေသနအဖွဲ့ OCEARCH သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာကမ်းခြေမှ ၄၅ မိုင်အကွာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပေါ်လာခဲ့သော ပေါင် ၁၇၀၀ အလေးချိန်ရှိ ငါးမန်းဖြူကြီးဆူး တောင်တွင် တည်နေရာအချက်ပြစနစ် တပ်ဆင်ပေးခဲ့ကာ Argos ဂြိုဟ်တုနှင့် ချိတ်ဆက်ပြီး မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိစေခဲ့ခြင်းဖြစ်သည်။
သို့သော် ဧပြီ ၂၃ ရက်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် အောက်တားဘန့်ကျွန်းအနီးရှိနေသည်ကို အချက်ပြစနစ်မှ နောက်ဆုံးဖမ်းယူသိရှိနိုင်ခဲ့ပြီးနောက် အချက်ပြစနစ် တွင် ထပ်မတွေ့ရတော့ပေ။
ငါးမန်းဖြူကြီး ပြိုင်ဘက်သည် ပင်လယ်ဖျံနှင့် ငါးကြီးများပေါပြီး ယခုလိုရာသီတွင် ပင်လယ်အပူချိန်အရ နေထိုင်ရအကောင်းဆုံးဖြစ်သည့် ကော့ဒ်အငူ သို့မဟုတ် ကနေဒါအတ္တလန္တိတ်ပင်လယ်ပြင်သို့ သွားရောက် ကျက်စားနေပြီဟု ထင်မြင်ခဲ့ကြသော်လည်း ဇူလိုင် ၁၄ ရက်က အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပြန်လည်ပေါ်လာသည်ကို သိရှိခဲ့ရသည်။
ငါးမန်းဖြူကြီးတွင် တပ်ထားသည့် အချက်ပြစနစ်သည် ရေပေါ်သို့ အချိန်အခိုက်အတန့် အတိုင်းအတာတစ်ရပ်ဖြင့် ပေါ်လာမှသာ ဂြိုဟ်တုသတင်ပို့ခြင်းနှင့် တည်နေရာကို အတည်ပြုနိုင်ခြင်းဖြစ်ရာ ဇူလိုင် ၇ ရက်က အတည်မပြုနိုင်သော အားနည်းသည့် အချက်ပြစနစ်တစ်ကြိမ် ရခဲ့သော်လည်း နေရာမသိနိုင်ခဲ့ဘဲ ယခုမှ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာပင် ကျက်စားနေသေးသည်ကို အတည်ပြုနိုင်ခြင်းဖြစ်သည်ဟု OCEARCH သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။
မှတ်တမ်းထားရှိမှုအရ ငါးမန်းဖြူကြီး ပြိုင်ဘက်သည် နေရာအချက်ပြစနစ် တပ်ဆင်ပေးပြီးနောက် ကနေဒါနိုင်ငံ စိန့်လောရင့်စ်ပင်လယ်ကွေ့နှင့် ဖလော်ရီဒါအကြား မိုင် ၇၀၀၀ ကျော် ကူးခတ်သွားလာခဲ့သည်ဟု သိရှိခဲ့ရသည်။
ကိုကလင်း
Ref:thesun
#MeKongNews
#ကမ္ဘာ့ကြီးဆုံး
#ငါးမန်းဖြူကြီး
#အတ္တလန္တိတ်သမုဒ္ဒရာ
#ပြန်ပေါ်လာ








