မဲခေါင်၊ ဇွန် ၂၈
ထိုင်းနိုင်ငံ၊ နာခွန်းနာယော့ခရိုင်ရှိ ကျွဲမွေးမြူရေးခြံတစ်ခြံမှ ကျွဲဖြူမတစ်ကောင်သည် ဇီးရှိနေရာမှ ထွက်ပြေးရာ ကီလိုမီတာ ၃၀ ကျော် (၁၈ မိုင်ကျော်) အထိ ရောက်ရှိကာ လမ်းပေါ် လျှောက်သွားနေသည်ကို ရွာသူကြီးနှင့် ရွာသားများက သိရှိပြီးနောက် ကြိုးဖြင့်ချီကာ အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားထားခဲ့ရာမှ ယင်းကျွဲဖြူမမှာ အသက်ရှင်သန် လွတ်မြောက်သွားနိုင်ခဲ့သည်။
ဇွန် ၂၆ ရက်က ယင်းကျွဲဖြူမသည် မူအန်းခရိုင်အတွင်း လှည့်လည်သွားလာနေသည်ကို ဒေသခံများက သတိပြုမိပြီး ကျေးရွာလူကြီးများထံ ခေါ်ဆောင်အပ်နှံခဲ့သည်။
ထို့နောက် ထိုကျွဲအား သာချိန်းခရိုင်၊ သာချန်း ဘုန်းကြီးကျောင်းမှ ဘုန်းကြီးဘွန်ဆောင်းချိုတီပန်ယိုက လက်ခံစောင့်ရှောက်ထားကာ ကျွဲပိုင်ရှင်ကို သိရှိရစေရန် စုံစမ်းရာ နာခွန်းနာယော့ခရိုင်၊ ဆိုင်မန်ခရိုင်ခွဲမှ ကျွဲမွေးမြူရေးခြံမှ ဖြစ်ကြောင်း သိရှိရသဖြင့် အကြောင်းကြားခဲ့သည်။
ပိုင်ရှင်ရောက်လာပြီးနောက် ယင်းကျွဲဖြူမကို ပြန်ခေါ်ရန် စီစဉ်ရာတွင် ဘုန်းတော်ကြီးက ဇီးရှိနေသဖြင့် အသက်ဘေးမှ လွတ်မြောက်ရန် ထိုမျှအကွာအဝေးအထိ ပြေးလာပြီးသော ကျွဲမအား ကယ်တင်လိုသည့်အတွက် ပိုင်ရှင်ထံမှ တောင်းဝယ်ခဲ့သည်။
ထိုကျွဲအတွက် ပိုင်ရှင်ဘက်မှ ဘတ် ၁၄၀၀၀ တောင်းရာတွင် ဘုန်းတော်ကြီး၌ ထိုမျှငွေ မရှိသေးသောကြောင့် ဒေသခံမီဒီယာတစ်ခုက ထိုအကြောင်း ရေးသားကာ အွန်လိုင်းပေါ် ဖော်ပြခဲ့ရာ၌ ဇွန် ၂၇ ရက်မှာပင် လုံလောက် သည့် အလှူငွေများ ရရှိခဲ့သဖြင့် ကျွဲအား ဘုန်းကြီးကျောင်းအတွင်း ခြံတစ်ခြံ သတ်မှတ်ထားရှိကာ စောင့်ရှောက်မှုနှင့်အတူ ဘေးမဲ့ပေးနိုင်ခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျွဲဖြူမ
#ဘုန်းကြီးကျောင်းတစ်ကျောင်း
#ဝယ်ယူ
#ကယ်တင်








