မဲခေါင်၊ မေ ၆
“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၉ ဦးကို မေ ၄ ရက်တွင် နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သို့ ပြန်ပို့လိုက်သည်ဟု “ဝ”တပ်ဖွဲ့ – UWSA က သတင်းထုတ်ပြန်သည်။
၎င်းတရုတ်နိုင်ငံသား ၂၉ ဦးသည် “ဝ”ဒေသသို့ အထောက်အထားမဲ့ ဝင်ရောက်လာသူများဖြစ်ပြီး တရုတ်နိုင်ငံသို့ ပြန်လိုကြောင်း စာရင်းလာပေးသဖြင့် မေ ၄ ရက်တွင် တရုတ်ရဲ လက်ထဲအရောက် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
“ဝ”ပြည်နယ် တရားရေးကော်မတီသည် အထောက်အထား မပြည့်စုံသော တရုတ်နိုင်ငံသားများအတွက် ပြည်ပြန်ဖို့အရေး စာရင်းပေးစနစ်ကို ဆက်လက် ဖွင့်လှစ်ထားပြီး၊ စာရင်းပေးသူများကို ဘေးကင်းကင်းဖြင့် ပြန်လည် ပို့ပေးလျက်ရှိကာ၊ ၎င်းတို့အနေဖြင့် “ဝ”ဒေသသို့ တရားဝင်လမ်း ကြောင်းမှ ပြန်လည် ဝင်ရောက်နိုင်သည်” ဟု “ဝ”တပ်ဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
တရုတ်ပြည်ပြန်ရန် သတ်မှတ်နေရာတွင် စာရင်းပေးသည့် သူများကို မှတ်ပုံတင်ပြီး နောက်တစ်နေ့တွင် UWSA က နယ်စပ်ဝင်ပေါက်များသို့ ပို့ဆောင်ကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်သည်။
ထိုလုပ်ငန်းစဉ်များအတွက် သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုရေးစရိတ်များကိုမူ သတ်မှတ်နှုန်းထားများဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် “ဝ”တပ်ဖွဲ့ UWSA အနေဖြင့် ၂၀၂၆ ခုနှစ် ၄ လအတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆၀၀ ကျော်ကို တရုတ်ရဲလက်ထဲ လွှဲပြောင်းပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိတွင်မူ “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈၈၀၅၅ ဦးကို ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongNews
#တရားမဝင်
#ဝင်ရောက်
#တရုတ်
#ပြန်ပို့








