မဲခေါင်၊ ဧပြီ ၁၅
ပထမအကြိမ် ဆွေးနွေးပွဲများ မည်သည့် သဘောတူညီချက်မှ မရဘဲ အပြီးသတ်သွားခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်မှ ညှိနှိူင်းရေးအဖွဲ့ ၂ ဖွဲ့သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အစ္စလာမာဘတ်သို့ ပြန်ရောက်လာနိုင်ကြောင်း သတင်းရင်းမြစ် ၅ ဦးက ပြောကြားကြသည်။
နေ့ရက် အတိအကျကို မဆုံးဖြတ်ရသေးကြောင်း သို့သော် ယခုသီတင်းပတ်ကုန်မှာပင် ၂ ဖက်စလုံး ပြန်ရောက်လာနိုင်သည်ဟု ဆွေးနွေးမှုများ၌ ပါဝင်ပတ်သက်ခဲ့သည့် သတင်းရင်းမြစ်က ဆိုသည်။
“ခိုင်မာတဲ့ ရက်တော့ မသတ်မှတ်ရသေးဘူး။ ဒါပေမယ့်လည်းကိုယ်စားလှယ် အဖွဲ့တွေက သောကြာကနေ တနင်္ဂနွေအထိ လမ်းဖွင့်ထားတယ်”ဟု အီရန် အကြီးတန်းအရာရှိ သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က အပစ်ရပ်ကြေညာပြီးနောက် အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်ဦးဆောင်သော အဖွဲ့နှင့် အီရန်ပါလီမန်ဥက္ကဌ ကာလီဘက်ဖ်တို့ ဦးဆောင်သော နှစ်ဖွဲ့ ပါကစ္စတန်မြို့တော်၌ စနေ၊ တနင်္ဂနွေ ၂ ရက်တွင် နာရီ ၂၀ ကျော် ဆွေးနွေးခဲ့ကြသော်လည်း ကွာဟချက်များကို ကျဥ်းမြောင်းအောင် မလုပ်နိုင်ခဲ့ကြပေ။
၎င်းတွေ့ဆုံမှုမှာ ၂ နိုင်ငံကြား ၁၀ နှစ်ကျော်ကာလအတွင်း ပထမဆုံးတိုက်ရိုက်တွေ့ဆုံမှုနှင့် ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အဆင့် အမြင့်ဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။
ဆွေးနွေးပွဲအား ပြန်လည်စတင်ရေး ၎င်းတို့ ကိုယ်စားလှယ် ၂ ဖွဲ့ကို ပြန်လည်စေလွှတ်ရန် အဆိုပြုချက်တစ်ခုအား နှစ်ဖက်စလုံးကို ပေးပို့ထားကြောင်း ပထမ သတင်းရင်းမြစ်က ပြောသည်။
ဒုတိယအကျော့ ဆွေးနွေးပွဲနေ့ရက်နှင် ့ပတ်သက်၍ အစ္စလာမာဘတ်က ၂ ဖက်စလုံးနှင့်ဆက်သွယ်ပြောဆိုနေပြီး ယခုသီတင်းပတ်ကုန်မှာပင် တွေ့ဆုံမှု ဖြစ်ပေါ်လာနိုင်ကြောင်း ဆွေနွေးပွဲအကြောင်း သိရှိထားသူ ပါကစ္စတန် သတင်းရင်းမြစ် ၂ ဦးက ပြောသည်။
“ကျနော်တို့က အီရန်ကို လှမ်းဆက်သွယ်ခဲ့ရာမှာ ဒုတိယအကျော့အတွက် လမ်းဖွင့်ထားတယ်ဆိုပြီး အပြုသဘော တုံ့ပြန်မှု ရခဲ့ပါတယ်”ဟု ပါကစ္စတန် ထိပ်တန်း အရာရှိကြီး တစ်ဦးက ပြောသည်။
မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုမှုကို ပါကစ္စတန်နိုင်ငံခြားရေး၊ စစ်တပ်နှင့် ဝန်ကြီးချုပ်ရုံး တို့က မတုံ့ပြန်ခဲ့ကြပေ။
အလားတူ အမေရိကန် အိမ်ဖြူတော် သမ္မတရုံးကလည်း ချက်ခြင်း မတုံ့ပြန်ခဲ့ကြောင်း သတင်းက ဖော်ပြသည်။
အေးကျော်
Ref:Reuters
#MeKongNews
#အမေရိကန်
#အီရန်
#ပါကစ္စတန်
#ဆွေးနွေး








