မဲခေါင်၊ ဧပြီ ၇
သဘောတူညီချက် ရယူရန် အီရန်အတွက် ၎င်းသတ်မှတ်ထားသော နောက်ဆုံးအချိန် အင်္ဂါနေ့ ရာဇသံသည် အပြီးသတ်ဖြစ်ကြောင်း နှင့် ထပ်မံ၍ သက်တမ်းတိုးဖွယ် မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီး အီရန်တို့၏ ငြိမ်းချမ်းရေးအဆိုပြုချက်မှာ ကြီးကျယ်သော်လည်း လုံလောက်မှု မရှိဟု ဆိုသည်။
အင်္ဂါနေ့ နောက်ဆုံး အချိန်အမီ အီရန်က သဘောတူညီချက် မယူခဲ့ပါက အမေရိကန်စစ်ဘက်က အီရန်၏ အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ အကြီးအကျယ် လုပ်ဆောင်သွားမည်ဟု ထရမ့်က သတိပေး ပြောကြားသည်။
“သူတို့က အဆိုပြုချက်တစ်ခု လုပ်ခဲ့တယ်။ ကြီးကျယ်တဲ့ အဆိုပြုချက်၊ ကြီးကျယ်တဲ့ ခြေလှမ်းပါ။ ဒါပေမယ့် မလုံလောက်ဘူး” ဟု အိမ်ဖြူတော်၌ ကျင်းပသော ကလေးများအတွက် အီစတာအခမ်း အနားတွင် ဒေါ်နယ်ထရမ့်က သတင်းထောက်များအား ပြောကြားသည်။
အရပ်ဘက်သုံး ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ခြင်းမှာ စစ်အတွင်း ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း ဝေဖန်သူများက ပြောကြားသော် လည်း ၎င်းက ပယ်ချသည်။
ကျနော် အဲဒီအကြောင်း စိတ်မပူပါဘူး။ စစ်ရာဇ ဝတ်မှုဆိုတာ ဘာလဲ၊ နျူကလီးယားလက်နက် ရှိတာလား”ဟု ၎င်းက မေးခွန်းပြန်ထုတ်ခဲ့သည်။
အီရန်က ၎င်းတို့ လုပ်ရမည့် ကိစ္စများကို လုပ်ဆောင်ခဲ့ပါက သီတင်း ၅ ပတ်ကြာ ပဋိပက္ခကို လျင်မြန်စွာ အဆုံးသတ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ထရမ့်က ၎င်းကနဦး သတ်မှတ်ထားသော နောက်ဆုံးရက်ကို နောက်ဆုတ်ပေးခဲ့သော်လည်း ထပ်မံ၍ သက်တမ်းတိုးမည် မဟုတ်ကြောင်း အချက်ပြသည်။
“ဖြစ်နိုင်ခြေ နည်းပါတယ်။ သူတို့ အချိန်တွေ အများကြီး ရခဲ့ပါတယ်။ တကယ်တော့ သူတို့က ၇ ရက် တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် ခင်ဗျားတို့ကို ကျနော် ၁၀ ရက် အချိန်ပေးမယ်။ ၁၀ ရက် ကုန်လို့မှ ခင်ဗျားတို့ အဲဒီကို မရောက်ဘူးဆိုရင် ငရဲကျလိမ့်မယ်လို့ ပြောခဲ့ပါတယ်” ဟု ထရမ့်က ဆက်ပြောသည်။
ထိုအတောအတွင်း၌ ထရမ့်၏ လက်ထောက်များက ပါကစ္စတန်မှတစ်ဆင့် အီရန်နှင့် ဆွေးနွေးညှိနှိုင်းနေခဲ့သည်။
ပါကစ္စတန်ကမူ ယာယီ အပစ်အခတ်ရပ်စဲမှု မဟုတ်ဘဲ စစ်ပွဲတစ်ပါတည်း အဆုံးသတ်ရေးကို အလိုရှိကြောင်း ပြောကြားသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အီရန်
#ရာဇသံ
#ထရမ့်
#သတိပေး








