မဲခေါင်၊ နိုဝင်ဘာ ၁၃
လူဦးရေ ၁၀ သန်းမှီတင်းနေထိုင်သော အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် လက်ကျန်သောက်သုံးရေ ပမာဏသည် ၉ ရက်စာသာကျန်တော့သဖြင့် မြို့ပြောင်းရွှေ့ရကိန်းဆိုက်နေသည်။
အီရန်နိုင်ငံသည် သမိုင်းတွင် မိုးခေါင်ရေရှားမှုဒဏ် အဆိုးရွားဆုံးခံနေရသည့် နိုင်ငံဖြစ်လာကာ နှစ်ပေါင်း များစွာသော စီမံကိန်းအမှားများ၊ မြို့ပြလူဦးရေ တစ်ဟုန်ထိုး တိုးမြင့်လာခြင်းနှင့် မြေအောက်ရေ အလွန်အကျွံထုတ်သုံးကြခြင်းများကြောင့် မိုးခေါင်နေပြီး ဆက်လက်မိုးခေါင်းနေပါက လက်ရှိ မြို့တော် သောက်သုံးရေပင်မရင်းမြစ်ဖြစ်သော လာဗာဆန်ရှိ လတ်တီယမ်ဆည်အတွင်း သောက်သုံးရေပမာဏ သည် မြို့လူဦးရေ သောက်သုံးရန် ၉ ရက်စာသာ ကျန်ရှိတော့သဖြင့် အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန် က အလွန်ဆိုးရွားသော ကပ်ဘေးသင့်ပြီး မြို့ပြောင်းရွှေ့ရဖွယ်ရှိနေသည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်က အီရန်လွှတ်တော်တွင် ပီဇက်ခီယန်က ရေပြဿနာအား ဖြေရှင်းနိုင်မည်ဆိုလျှင် ထိုသူကို အာဏာကုန်လွှဲပေးပြီး ဖြေရှင်းစေမည်ဖြစ်ကြောင်း၊ ပြဿနာသည် တီဟီရန်တွင်သာမက ဒုတိယအကြီးဆုံးမြို့ မက်ရှ်ဟက်တွင်လည်း သောက်ရေလှောင်ဆည် သည် ၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံးရှိ ဆည်ပေါင်း ၁၉ ခုသည်လည်း ခြောက်သွေ့ကုန်သဖြင့် ပိတ်ထား ရကြောင်း၊ တီဟီရန်မြို့တွင် ၆ နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုဖြစ်ပွားကာ မနှစ်ကထက် မိုးရွာသွန်းမှု နှုန်း ၄၀ ရာခိုင်နှုန်း ထပ်ကျဆင်းသွားသဖြင့် တောင်ကျရည်ခံ ရေလှောင်ကန်များ၊ မြေအောက်ရေ ထုတ်ယူသည့် ရေလှောင်ကန်များလည်း ရေအရင်းအမြစ် ရရှိနိုင်စွမ်း မရှိသလောက်ဖြစ်လာခြင်းက ကပ်ဘေးဆိုသည်ထက်ပင် ပိုဆိုးရွားသော အဆင့်ရောက်နေပြီဟု ပြောကြားသွားခဲ့သည်။
ပီဇက်ခီယန်က တီဟီရန်ရှိ အစိုးရအဆောက်အအုံများကို မြို့တော်၏ တောင်ဘက်သို့ ပြောင်းရွှေ့မှု များစတင်ရန် လိုအပ်နေပြီး မြို့တော် တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် တစ်မြို့လုံး ရွှေ့ပြောင်းရမှုမျိုး လည်း လုပ်ကောင်းလုပ်ရနိုင်သည်ဟု စိတ်ပျက်စွာ ပြောဆိုသွားခဲ့သည်။
သိပ္ပံပညာရှင်များက အီရန် နိုင်ငံ၏ ရေအရင်းအမြစ်သည် လုံး၀ခမ်းခြောက်သွားမည့်အနေအထားရှိကြောင်း နှစ်ပေါင်းများစွာ ကတည်းက သတိပေးခဲ့သော်လည်း စီမံခန့်ခွဲမှုအမှားများကြောင့် ပိုဆိုးလာခဲ့ကာ ၂၀၀၇ ခုနှစ်နောက် ပိုင်း အစ္စဖာဟန်အရပ်မှ အရှေ့တောင်ဘက်သို့ စီးဆင်းသည့် ဇာယန်ဒက်ချ်ရက်ဒ် မြစ်သည် ရေမစီး ဆင်းတော့ဘဲ ခန်းခြောက်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အီရန်ခေါင်းဆောင် အလီခါမေနီ လက်ထက် ခုခံနိုင်စွမ်းရှိသော စီးပွားရေး စီမံကိန်းတွင် ပိတ်ဆို့ခံရမှုများမှ ရုန်းထွက်နိုင်ရေး ကြီးမားသည့် စိုက်ပျိုးရေးကဏ္ဍကြီး ပြန်လည်ထူထောင်လိုမှုသည် ယခုအတိုင်း မည်သို့မျှ မဖြစ်နိုင်တော့ဘဲ ပြည်သူ့ ပုခုံးပေါ်သို့သာ ဝန်ထုပ်ဝန်ပိုးများ ပိုရောက်လာသည်ဟု တီဟီရန် နေ့စဉ် Jahan-e-Sanat သတင်းစာက အယ်ဒီတာအာဘော်အဖြစ် ဝေဖန်ရေးသားသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#တီဟီရန်
#သောက်သုံးရေ
#အလီခါမီနီ








