[ထိုင်းဝါရင့်သတင်းထောက် Kannikar Petchkaew စုံစမ်းဖော်ထုတ်ရေးသားပြီး Dialouge Earth တွင် ဖော်ပြထားသည့် How Myanmar’s gold rush threatens international rivers ကို ဘာသာပြန်ဆိုဖော်ပြသည်]
မြန်မာနိုင်ငံ၊ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းလင်းကျေးရွာရှိ ကျေးလက်ဒေသတစ်နေရာတွင် ကူရာကယ်ရာမဲ့နေသော ၃၅ နှစ်အရွယ် လယ်သမား စိုင်းဦး တစ်ယောက် မိသားစု စိုက်ပျိုးရေးနှင့် စားဝတ်နေရေးအတွက် နှစ်ပေါင်းများစွာ ကျေးဇူးပြုပေးဆပ်ခဲ့သည့် အိမ်မွေးနွားကြီး ကန်ရေသောက်ပြီးနောက် အဆိပ်သင့်လဲကျသေဆုံးသွားမှု ကို ကြည့်ရင်း ရင်နင့်နေတော့သည်။
“ရေသောက်ပြီး ခြေလှမ်းနည်းနည်းလေးလှမ်းရရုံရှိသေး လဲကျ သေဆုံးသွားခဲ့တာပေါ့ဗျာ”
ဟု မချိတင်ကဲ ပြန်ပြောင်းပြောပြသည်။
နွားကြီးသောက်ရာ ရေကန်ကို နမ့်ခမ်း တစ်နည်းအားဖြင့် ရွှေမြစ်ကန်ဟု ခေါ်သည်။ ရွှေတောင် ဟုအဓိပ္ပါယ်ရသည့် လွယ်ခမ်းတောင်မှ စီးဆင်းပြီး ရေဝင်ရောက်သည့် ကန်ဖြစ်သည်။ ရွာသားများအယူတွင် ၎င်းတို့မြေသည် ရွှေအတိပြီးသော ဘိုးဘွားများစောင့်ရှောက်ရာမြေဟု ဆိုသည်။
“ကျွန်တော်တို့ ဒေသခံတွေ ဘယ်တုန်းကမှ ရွှေမရှာခဲ့ဘူး။ ဒီတောင်ကြောက ဘိုးဘေးတွေရဲ့ ဝိဉာဉ်တွေ ကွန်းခိုးနေထိုင်ရာ တောင်ဖြစ်တာကြောင့်ပေါ့။ ဒါပေမဲ့ ပြင်ပကလာသူတွေအတွက်တော့ ဒီအယူကို တန်ဖိုးလုံး၀မထားကြဘူးလေ” ဟု စိုင်းဦးက ဝမ်းနည်းစွာ ဆိုသည်။
လက်ရှိတွင် လွယ်ခမ်းသည် တရုတ်ကုမ္ပဏီ ၄ ခုအပါ ရွှေမိုင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစွာ အခြေချလာပြီး ဘိုးဘေးဝိဉာဏ်များ နေထိုင်ရာ အရပ်မှသည် စည်မရှိကမ်းမရှိ အရမ်းကာရော ရွှေရှာဖွေမိုင်းလုပ်ငန်းများ၏ အချက်အချာ ရပ်ဝန်း ဖြစ်လာတော့သည်။
“စရောက်လာတဲ့ သူတွေဟာ ခေတ်မီ ရွှေတူးဖော်ရေး နည်းပညာတွေ ဘာမှ မပါလာဘူး။ တောင်တစ်ခုလုံးကို ဖောက်ခွဲတယ်။ တောင်စောင်းတွေကို ကွေ့ဝိုက်ပိုင်းဖြတ်ပြီး တောင်ထိပ်ကိုပါ ဖြိုလှဲချတယ်။ မြေပြင်အခြေအနေက လကမ္ဘာလို ကျန်ခဲ့တယ်။ ခုနောက်ဆုံးရောက်လာတဲ့ ရွှေမိုင်းသမားတွေကမှ ရွှေကြောပင်မနေရာကို တိုင်းတာသိရှိပြီး ပစ်မှတ်ထားတူးဖော်တဲ့ နည်းစနစ်တွေနဲ့ တူးလာကြတာပါ” ဟု စိုင်းဦးက ထပ်လောင်းပြောဆိုသည်။
ယနေ့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံများအရ ရှမ်းအရှေ့တစ်လွှား ရွှေမိုင်းတွင်း ၂၀ ကျော်ရှိနေသည်ကို မြင်တွေ့ရသည်။ စုစုပေါင်းရွှေမိုင်းမြေအကျယ်အဝန်းသည် ၁၇၈၀ ဧကအထိ ရှိလာသည်။ ထိုမိုင်းတွင်းများကြောင့်ပင် ယင်းဒေသ၌ ရေကြီးရေလျံမှုများဖြစ်ပြီး နေအိမ်များ မျောပါ ဖုံးလွှမ်းပျက်စီးကြသည်ကို မကြာခဏဆိုသလို ကြုံနေကြရပြီဖြစ်သည်။ အထူးသဖြင့် မိုးရာသီတွင်ဖြစ်သည်။ နမ့်ခမ်းသည် လှပသည့်နယ်မြေမှသည် မည်းမှောင်ပြီး အနံ့အသက်များ ဆိုးရွားသည့် ဖုန်းဆိုးမြေများ အဖြစ်သို့ ရောက်ရှိကုန်တော့သည်။
Mekong Eye နှင့် Dialogue Earth တို့ ရရှိသည့် ဂြိုဟ်တု ဓာတ်ပုံများနှင့် ဒေသခံမျက်မြင်များ၏ သက်သေတည်ခြင်းများအရ ယင်းရွှေမိုင်းများသည် စနစ်တကျ ထိန်းကျောင်းမှုအားနည်းပြီး ထင်သလို ရွှေများကို တူးဖော်ထုတ်လုပ်နေကြသည်ဟု ညွှန်း ဆိုနေသည်။ ယင်းတွေ့ရှိချက်အရ မြန်မာနိုင်ငံမြေတွင် စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်းသည် မြန်မာနိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ ကျယ်ပြန့်သော ရေအရင်းအမြစ်များကိုပါ ညစ်ညမ်းစေကြောင်း သတိပေးနေသည်။

ဆိုင်ရာနိုက်နှင့် မိုင်းလုပ်ငန်း
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် မဆင်မခြင်၊ စည်းပျက်ကမ်းပျက် ရွှေမိုင်းလုပ်ငန်းများ နိုင်ငံအနှံ့ မှိုလိုပေါက်လာခဲ့သည်။ မြောက်ပိုင်း ယူနက်စကိုအသိအမှတ်ပြု ဇီ၀နယ်မြေဘေးမဲ့တော အင်းတော်ကြီးအိုင်မှသည် တောင်ဘက်စွန်း တနင်္သာရီ သဘာ၀ဘေးမဲ့တော များအထိ ရွှေမိုင်းများစွာ ပေါ်ပေါက်လာသည်။ စစ်ဘေးကြောင့် နိုင်ငံတွင်းမှာပင် နေအိမ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ရသည့် ဒုက္ခသည်များပိုင်ဆိုင်ခဲ့ရာ မြေယာများတွင်ပါ ကျူးကျော်လုပ်ကိုင်သည့် ရွှေ မိုင်းများပေါ်ပေါက်လာသည်။
ဆိုက်ရာနိုက်ဒြပ်ပေါင်းသည် ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲသော အဆိပ်ဖြစ်ကာ သတ္တုရိုင်းများမှ ရွှေသတ္တုသီးသန့် ထုတ်ယူနိုင်ရေး ရွှေကို ဆိုက်ရာနိုက်သွင်းခြင်းဆိုသော နည်းဖြင့် ကျင်ယူကြသည်။ သတ္တုတွင်းလုပ်သားများသည် သတ္တုရိုင်း ရောရာအပုံများပေါ်တွင် ဆိုက်ရာနိုက်အရည်ကို ဖြန်းပေးခြင်ဖြင့် ရွှေကို သီးသန့်ပျော်စေကာ အခြား သတ္တုဓာတ်များကို ခွဲခြားဖယ်ချန်နိုင်သည်။ သီယိုဆာလဖိတ်ခေါ် အခြားသော ရွှေကျင်စစ်ယူသည့် အသုံးပြုနည်းရှိသော်လည်း ကုန်ကျစားရိတ်နည်းလွန်းစွာဖြင့် ရွှေထုတ်ယူရာတွင် ဆိုက်ရာနိုက်ကသာ အသုံးတည့်လွန်းသည်။ အထူးသဖြင့် တရားမဝင် စည်းမဲ့ကမ်းမဲ့ ရွှေထုတ်လုပ်ရေး လုပ်ငန်းများ၌ ဆိုက်ရာနိုက်ကိုသာ တွင်တွင်သုံးကြသည်။ ဂြိုဟ်တုဓာတ်ပုံများတွင် ရွှေထုတ်ယူရာ၌ အသုံးပြုသော ဆိုင်ရာနိုက်အဆိပ် စွန့်ပစ်သည့် လေးထောင့်ပုံသဏ္ဍန် ကန်များစွာကိုလည်း မြင်တွေ့ရသည်။
စွန့်ပစ်ဆိုက်ရာနိုက်များကို တကယ်တမ်းတွင် ရွှေမိုင်းများ၌ နက်ပြီး ကြီးမား လုံခြုံသော Tailings Ponds ခေါ် ကန်များတွင် စွန့်ပစ်သင့်သည်။ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်နိုင်ရေး မိုင်းတွင်းလုပ်ကွက်များ၏ ၃ ပုံ ၁ ပုံတွင် ဆိုင်ရာနိုက်စွန့်ပစ်ကန်များကို လုံခြုံစွာ ထားရှိလေ့ရှိသည်။ ရှမ်းအရှေ့ လွယ်ခမ်းတစ်ကျောရှိ ရွှေမိုင်းတွင်းလုပ်ကွက်များ၌ အခြေခံ အညစ်အကြေး စွန့်ပစ်ကန် Tailings Pond နှင့်ပတ်သက်သော အခြေခံအဆောက်အအုံများ ရှားပါးလွန်းနေသည်ကို Mekong Eye နှင့် Dialogue Earth မှ ရရှိသော ဂြိုဟ်တု ဓာတ်ပုံများအရ အတိုင်းသား မြင်တွေ့သိရှိရသည်။ ဂြိုဟ်တုဓာတ် ပုံများတွင် စွန့်ပစ်ဆိုက်ရာနိုက်များ အနီးအနားရှိ မြစ်ချောင်း၊ ရေစီးကြောင်းများထဲ စီးဝင်နေသည်ကို ပြသနိုင်သည့် ပုံများမပါဝင်ပေ။ သို့သော် ရွှေမိုင်းများနှင့် ဆိုင်ရာနိုက်စွန့်ပစ်ကန်များသည် မဲခေါင်မြစ် လက်တက်များဆီ ပျော်ဝင်စီးဆင်းကာ နယ်စပ်ဖြတ်ကျော်စီးဆင်းသည့် အညစ်အကြေး အဆိပ်ရည်များ ရောက်ရှိကုန်ကြသည်ကို မြင်သာနိုင်သည်။


ယင်းဓာတ်ပုံများကို ထိုင်းနိုင်ငံ သတ္တုတူးဖော်မှု အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်နှစ်ဦးက လုံခြုံရေးကြောင့် အမည်မဖော်ပြဘဲ ပြန်လည်သုံးသပ်မှု လုပ်ခဲ့သည်။ မြေပြင်အနေအထားများ ရုပ်ပျက်ဆင်းပျက်ပြောင်းလဲ သွားမှုအခြေအနေများ၊ ဒေသခံများထံ မေးမြန်းစုံစမ်းမှုများအရ ရွှေထုတ်လုပ်မှုများမှ ဆိုက်ရာနိုက် အဆိပ်များသည် သင့်တော်သော စွန့်ပစ်အညစ်အကြေးကန်များ ရှားပါးခြင်းကြောင့် အနီးအနား သဘာ၀ရေရင်းမြစ်များထဲ ပျော်ဝင်စီးဆင်း ဝင်ရောက်ကုန်သည်ကို မငြင်းနိုင်အောင် သိရသည်ဟု ထုတ်ပြန်ခဲ့ကြသည်။
လေ့လာသုံးသပ်သူထဲမှ တစ်ဦးက မြန်မာဘက်ခြမ်းတွင် ရွှေထုတ်ယူနေပုံ နည်းလမ်းကို အတိအကျ မဆုံးဖြတ်နိုင်သော်လည်း ဆိုက်ရာနိုက်များကို ရွှေထုတ်ရာ၌ အသုံးပြုခြင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များမှာပင် အလွန် အန္တရာယ်များလွန်းနေကြောင်း၊ ယိုဖိတ်မှုတိုင်းသည် အဆိပ်ဓာတုပစ္စည်းများကို ထုတ်လွှတ်ရုံသာမက ယင်းစီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်ဟု သုံးသပ်ပြောဆိုသည်။
အခြားသော လေ့လာစမ်းစစ်မှုတစ်ခုတွင် မိုင်းလင်းအနီး လွယ်ခမ်း ရွှေမိုင်းဧရိယာအတွင်း ရွှေတွေ့ရှိနိုင်မှု ပမာဏသည် မြေနမူနာ၏ တစ်သန်းတွင် ၀ . ၁၂ ရာခိုင်နှုန်းမှသည် ၁ . ၈၉ ရာခိုင်နှုန်းသာ ပါဝင်သည်ဟု ဆိုသည်။ ရွှေရရှိမှုပမာဏ နည်းနည်းလေးတွင် စွန့်ပစ်ရသော ဆိုက်ရာနိုက်သုံးပြီးသား မြေသားကျောက်စိုင်ပမာဏက လွန်စွာများပြားနေသည်။ စွန့်ပစ်ဆိုက်ရာနိုက်များက နေရာအနှံ့ ပရမ်းပတာတည်ရှိနေပြီး သဘာ၀ပတ်ဝန်းကျင်နှင့် လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတော့သည်။
ဆိုင်ရာနိုက်ပျော်ဝင်မှုအနည်းငယ်သည်ပင်လျှင် လူသား ဆဲလ်များအသက်ရှူမှုကို အနှောင့်အယှက်ကြီးစွာဖြစ်စေကာ လျှင်မြန်စွာ အသက်ဆုံးရှုံးနိုင် သည်အထိ အန္တရာယ်ကြီးသည်။
အချို့သော သဘာ၀ပတ်ဝန်းကျင်များတွင် ဆိုင်ရာနိုက်ကို ပြိုကွဲသွားစေနိုင်သော်လည်း ကုစားမှုများကို ရက်သတ္တပတ်မှသည် လပိုင်းအထိ မပြုလုပ်နိုင်ပါလျှင် သဘော၀ဂေဟစနစ်တစ်ခုလုံးရော လူသားများ ကျန်းမာရေးကိုပါ ရေရှည်အန္တရာယ် ပေးနိုင်သည်။ ရှမ်းပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူက ရှမ်းအရှေ့ ရွှေမိုင်းလုပ်ကွက်များကို ဆယ်စုနှစ်တစ်ခုကြာ စောင့်ကြည့်လေ့လာခဲ့အပြီး ဘေးကင်းမှုမရှိလွန်းသော လုပ်ကွက်များက အလွန်စိုးရိမ်စရာရှိသော်လည်း ဒေသခံများ အကျိုးအတွက် မည်သူကမှ မကြည့်ကြဟု စိတ်ပျက်စွာ ဖွင့်ဟသည်။

ရှမ်းအရှေ့ပိုင်းနယ်မြေအများစုကို “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားသည်။ မြန်မာစစ်ကောင်စီနှင့် မဟာမိတ်ဖွဲ့ထားသည့် အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်သည်။ သို့သော် မိုင်းလင်းနှင့် လွယ်ခမ်း ရွှေမိုင်းနယ်မြေများသည် လားဟူ တိုင်းရင်းသား လက်နက်ကိုင်တပ် ထိန်းချုပ်နယ်မြေများတွင် တည်ရှိနေသည်။ ပြင်ပလူများကို လုံး၀ပေးမဝင်သော နယ်မြေလည်းဖြစ်သည်။ ထို့ကြောင့် ထိုဒေသမှ ဆိုက်ရာနိုက်နှင့် ခဲဓာတ်ညစ်ညမ်းမှုများ ရေအရင်းအမြစ်များဆီ မည်မျှပျော်ဝင်နေသည်ကို ဓာတ်ခွဲခန်း အဖြေထုတ်ကာ အတည်ပြုနိုင်ခြင်းမရှိပေ။ ဂြိုဟ်တု ဓာတ်ပုံများ ကိုးကားမှုဖြင့်သာ အဆိပ်သင့်မြေ၊ ရေဖြစ်နေသည်မှာ သေချာသည်ဟု ညွှန်းဆိုပြသနိုင်ခြင်းဖြစ်သည်။
၂၀၂၄ နိုဝင်ဘာလက SHRF မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ၎င်းအဖွဲ့၏ အကြံပေး ကျွမ်းကျင်သူတစ်ဦးက စွန့်ပစ်ဆိုက်ရာနိုက်ကန်များသည် မဲခေါင်မြစ်အတွင်း စီးဆင်းသည့် ရေစီးလမ်းကြောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ကို ဓာတ်ပုံများမှာပင် အတိုင်းသား မြင်ရသည်ဟု ဆိုခဲ့သည်။ သစ်တောများပြုန်းတီးခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်းများကြောင့် မြေဆီလွှာများ ပြတ်တောက် ခမ်းခြောက်ပြုန်းတီးမှုများ ပိုမိုဆိုးရွားလာကြောင်းနှင့် ဆိုးရွားပြင်းထန်သည့် မြေပြိုမှု၊ ရေကြီးရေလျံမှုများကို ဒေသတွင်း ဆက်တိုက်ဖြစ်ပေါ်စေသည်ဟုလည်း အခိုင်အမာထောက်ပြသည်။ ထိုင်းအာဏာပိုင်များဘက်မှ မယ်ဆိုင်ခရိုင်တွင် ရေကြီးရေလျံမှုများ ပိုမိုဆိုးရွားလာမှုကြောင့် မြစ်ညှာပိုင်းမှ မြေပြင် အနေအထားပြောင်းလဲလာမှုနှင့် မိုင်းတွင်းများအနေအထားကို အစောပိုင်း လေ့လာသိရှိရသလောက်သာ ထုတ်ပြန်ခြင်းမှာပင် အတော်အခြေအနေဆိုးနေသည်ကို သိရှိရသည်။
စိုးရိမ်လာရသော နိုင်ငံတကာမြစ်များ
အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကို ဖြတ် သန်းစီးဆင်းသည်။ ရေစုန်သည် မဲခေါင်မြစ်ကြီးအတွင်း ဆက်လက်စီးဝင်သည်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံများမှ လူသားပေါင်း ၆၅ သန်း၏ ၈၀ ရာခိုင်နှုန်း မှီခိုနေရသော မဲခေါင်မြစ်အောက်ပိုင်းဒေသတစ်ခုလုံးသို့ ရွှေမိုင်းစွန့်ပစ် ဆိုင်ရာနိုက်များက ပျော်ဝင်စီးဆင်းလေသည်။
မိုင်းလင်း ဒေသတစ်ခုတည်းမှာပင် ရွှေမိုင်းလုပ်ကွက် အနည်းဆုံး ၁၀ ခုရှိနေပြီး မဲခေါင်မြစ်လက်တက် အထက်ပိုင်းတွင် ကပ်လျှက်တည်ရှိနေကြသည်။ အနောက်တောင်ဘက်သို့ ဆက်သွားသည့် မိုင်းတုံမြို့နယ် မိုင်းကိုင်ရွာအနီး မယ်မြစ်ကမ်းနဖူးမှာပင် အကြီးမားဆုံးသော ရွှေမိုင်းတွင်းများ ရှိနေပြန်သည်။ မြစ်ရေနှင့် ကွာဝေးလှ ၁၀ မီတာအကွာမှာပင် ဆိုက်ရာနိုက်စွန့်ပစ် ကန်ကြီးတစ်ခု စနစ်တကျမရှိဘဲ တည်ရှိနေသည်။


၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်တွင် သမိုင်းတွင် ဆိုးရွားသော ရေကြီးရေလျံမှု ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံ၏ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ဂြိုဟ်တုဓာတ်ပုံများကြည့်ရှုပြီး ပြန်လည်သုံးသပ်ရာတွင် ရှမ်းအရှေ့ရွှေမိုင်းများကြောင့် သစ်တောပြုန်းတီးမှုနှင့် စိုက်ပျိုးရေးအဓိကအားထား မြေယာအသုံးပြုမှုစနစ် ပျက်စီးသွားခြင်းက ရေကြီးမှုကို အဓိကဖြစ်စေသည်ဟု ကောက်ချက်ချခဲ့ကြသည်။
မယ်ဆိုင် မြို့တော်စည်ပင် အုပ်ချုပ်ရေးမှူး Chaiyon Srisamut က ထိုအခြေအနေကို သိသော်လည်း မြန်မာစစ်ကောင်စီဘက်မှ ရှမ်းအရှေ့ဒေသသည် ထိန်းချုပ်နိုင်သည့်ဒေသမဟုတ်သဖြင့် ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိဟု အကြောင်းပြန်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များကို လက်ညှိုးထိုးပုံချသည့် စစ်ကောင်စီ လုပ်ရပ်ကိုဆိုလိုသည်။ သို့သော် ထိုဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များအားလုံးသည် မြန်မာစစ်ကောင်စီ၏ စစ်ရေးဗျူဟာ အသိအမှတ်ပြုမှုဖြင့်သာ ပူးပေါင်းလုပ်ဆောင်နေသူများ ဖြစ်နေသည့်အတွက် မေးခွန်းထုတ်စရာများစွာ ရှိလာသည်။ Chaiyon Srisamut က ဒေသခံတာဝန်ရှိသူများ ရေအရင်းအမြစ်များကို စစ်ဆေးမှုတွင် ဘေးကင်းလုံခြုံမှု အဆင့် ကို များစွာကျော်လွန်သော မိုင်းတွင်းဆက်စပ် ဓာတုပစ္စည်းများ၊ ဆိုက်ရာနိုက်အပါ အခြားသော အန္တရာယ်ရှိ ဒြပ်သတ္တုပျော်ဝင်မှုများစွာ တွေ့ရသည်ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။ (ယနေ့ ထိုင်း သတင်းများတွင် အန္တရာယ်ကင်းအဆင့်သတ်မှတ်ချက်ထက် ၁၉ ဆ ကျော် ပျော်ဝင်သည်ဟုဆိုသည်)
Chaiyon Srisamut က ထိုသို့ပြောကြားစဉ် ဆိုက်ရာနိုက် အဆိပ်ပါဝင်မှုနှုန်း ထင်သည်ထက် များပြားပါစေဟု ဆုတောင်းကြောင်းနှင့် သို့မှသာ တစ်စုံတစ်ယောက်၏ ဖိအားပေးမှုဖြင့် အရေးယူနိုင်ဖွယ်ရာ ဖြစ်လာနိုင်မည်ကို မျှော်လင့်သည်ဟု ပြောခဲ့သေးသည်။


စည်းကမ်းလိုက်နာမှုအားနည်းခြင်းနှင့်အတူ မြင့်တက်လာသော အန္တရာယ်
ကမ္ဘာ့လုံးဆိုင်ရာ သတ္တုတွင်းလုပ်ငန်းကြီးသည် ၂၀၀၀ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ဆိုက်ယာနိုက်စီမံခန့်ခွဲမှုကျင့်ထုံးကို လိုက်နာခဲ့သော်လည်း မြန်မာနိုင်ငံတွင် သတ္တုတွင်းများသည် စည်းကမ်းမဲ့စွာ ဆက်လက်တည်ရှိနေကာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီကပင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှု ပြိုလဲနေခဲ့ပြီးဖြစ်ကြောင်း အစီရင်ခံစာများအရ သိရသည်။ စတော့ဟုမ်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ စီနီယာသုတေသီ Thanapon Piman က ဓာတုသတ္တုပျော်ဝင်မှုစိုးရိမ်အဆင့်ရောက်သည်အထိ စောင့်နေပါက ကပ်ဘေးဆိုက်မည်ဖြစ်ရာ ယခုကတည်းက ကိုင်တွယ်အရေးယူမှဖြစ်တော့မည်ဟု သတိပေးပြောကြားခဲ့သည်။
“ ရေကြီးရေလျံရင် မြစ်ရေမျက်နှာပြင်တွေဟာ စနစ်အရကို မြင့်တက်လာတာပဲ။ ဒီမြင့်တက်မှုမှာ ရွှေမိုင်းတွေ အနီးအနား ပတ်ဝန်းကျင်တွေလည်း ပါမှာပဲ။ ဒီနေရာတွေက စွန့်ပစ်အညစ်အကြေးကန်ထဲက ရေဆိုးတွေ၊ အဆိပ်တွေဟာလည်း မြစ်ကမ်းပါးကိုကျော်ဝင်စီးဆင်းပြီး အဆိပ်ရေတွေဟာ မြစ်အောက်ပိုင်းကို ဆက်လက် စီးဆင်းသွားမှာပါ” ဟု အန္တရာယ်ကြီးပုံကို မီးမောင်းထိုးပြောဆိုသွားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကပင် မဲခေါင်မြစ်ကော်မရှင် (MRC) ၏ အမှုဆောင်ချုပ်လည်းဖြစ် ထိုင်းအစိုးရအဖွဲ့ အတွင်းဝန်လည်းဖြစ်သူ Busadee Santipitaks က မဲခေါင်နယ်စပ်ဖြတ်ကျော် ရေအရင်းအမြစ်များကို စောင့်ကြည့်တုံ့ပြန်ရေး လုပ်ငန်းစဉ်များ များစွာတိုးချဲ့လုပ်ဆောင်သွားရမည်ဟု ကတိပြုပြောဆို ခဲ့သည်။ သို့သော် ရှမ်းအရှေ့ တရုတ်အမှူးပြုသော ရွှေမိုင်းများမှ ထုတ်လွှတ်သည့် အဆိပ်ရေများအရေးနှင့်ပတ်သက်ပြီး မေးမြန်းမှုကိုမူ Busadee Santipitaks ကအသေးစိတ်အထူးပြု ရှာဖွေဖော်ထုတ်မှု မပြုနိုင်သေးသမျှ မှတ်ချက်ပေးနိုင်ရန် မဖြစ်နိုင်ဟုသာ ဖြေကြားသွားခဲ့သည်။
SHRF မှ တာဝန်ရှိသူ တစ်ဦးကလည်း လုံခြုံရေးအန္တရာယ်ကြောင့် အမည်မဖော်ပြသော်လည်း အလုပ်ရုံဆွေးနွေးပွဲများတွင် ထို ဆိုက်ရာနိုက်အဆိပ်သင့်ရွှေမိုင်းများအကြောင်း ပြောဆိုတင်ပြလေ့ရှိသော်လည်း ယခင်ကရော ယခု ထိပါ မည်သူကမျှ(ဒေသခံ လက်နက်ကိုင်များကိုဆိုလို) တုံ့ပြန်မှု တစ်စုံတစ်ရာ မပြုခဲ့ကြောင်း ဖွင့်ဟသွားခဲ့သည်။
UWSA ပြောရေးဆိုခွင့်ရှိသူ ညီရန်းကို အင်တာဗျူးအစီအစဉ်များစွာတွင် ၎င်းတို့ ထိန်းချုပ်နယ်မြေပေါ် ၌ မည်သည့် ဥပဒေစည်းမျဉ်းများနှင့် ရွှေမိုင်းလုပ်ကွက်များကို ထိန်းသိမ်းသနည်းဟု မေးမြန်းမှုများစွာ ရှိခဲ့သော်လည်း တစ်ကြိမ်မျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
အကြောက်တရားနှင့် နှုတ်ဆိတ်မှု
မိုင်းတွင်လုပ်ကွက်များအနီးအနား နေထိုင်သူတိုင်းတွင် အကြောက်တရားများစွာဖြင့် နှုတ်ဆိတ်နေကြရသည်။ မိုင်းလင်းတွင် မိုင်းတွင်းများနှင့်ပတ်သက်ပြီး မကျေမနပ် ဆန္ဒပြမှုသည် တစ်ကြိမ်သာရှိခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ်ကဖြစ်ပြီး ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း တွန်းလှန်မှုများ ဆိတ်သုဉ်းသွားတော့သည်။ မိုင်းကိုင်ရှိ အသက် ၅၅ နှစ်အရွယ် စိုင်းဆမ်ဆိုသူက သူသည်လည်း အများနီးတူ နေရာရွှေ့ပြောင်းပေးခဲ့ရသူဖြစ်ကြောင်းနှင့် ၂၀၀၁ ခုနှစ်ကတည်းက UWSA တပ် နယ်မြေ အတွင်းရောက်လာပြီးနောက် ထိန်းချုပ်ကာ ရွှေမိုင်းလုပ်ကွက်များလုပ်ရန် မိမိတို့ကို မောင်းထုတ်ခဲ့ကြောင်း ဖွင့်ဟသည်။
“ သူတို့ရောက်လာပြီး နေရာဖယ်ခိုင်းတော့ ရွာသူကြီးက ဆွေးနွေးဖို့ ကြိုးစားတယ်။ ဖမ်းခံရရုံသာမက သူကြီးကို သူတို့ နှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်လိုက်တယ်။ ခုတော့ ကျွန်တော်တို့ရော တခြား ရွာသူရွာသားအားလုံး ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ ပြန်လည်နေရာချ ထားပေးခံရပြီး နေနေရတယ်။ တစ်ခါက ကိုယ်တွေလုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေလည်း သိမ်းခံလိုက်ရပြီလေ” ဟု ဖွင့်ဟခဲ့သည်။

မြန်မာမှ ရွှေများ အပူတပြင်းထုတ်လုပ်နေမှု၌ တရုတ်၏ အခန်းကဏ္ဍ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပဏာမဆောင်ရွက်ရေးအဖွဲ့ (EITI) က မြန်မာနိုင်ငံကို အစုအဖွဲ့ပေါင်းစုံကြီးကြပ်ကွပ်ကဲမှုနှင့် အချက်အလက် ပွင့်လင်းမြင်သာမှုကဲ့သို့သော အခြေခံအုပ်ချုပ်မှု အလေ့အကျင့်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း အဆိုတင်သွင်းပြီး အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။ ထိုအဖွဲ့ကြီးသည် နိုင်ငံအစိုးရများ၊ ကုမ္ပဏီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းပေါင်း ၁၄၀ ကျော် ပေါင်းစပ် ဖွဲ့စည်းထားသည့်အဖွဲ့ကြီးဖြစ်သည်။ မြန်မာပြည်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စည်းမျဉ်း စည်းကမ်းပိုင်း ချွတ်ခြုံကျမှုကြောင့် မြန်မာအပေါ် ဩဇာလွှမ်းမိုးထားနိုင်သည့် တရုတ်မှ မိုင်းတွင်းလုပ်ငန်းများသည် ရွှေရင်းမြစ်ကြွယ်၀သော စစ်မက်ဇုန်များ၊ အထူးသဖြင့် တရုတ်နယ်စပ်နှင့် နီးစပ်ဒေသများသို့ ဝင်ချင်းတိုင်းဝင်လာကြသည်။
တရုတ်သည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ ရွှေအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ခဲ့သည်။ ၃၈၀ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့သည်။ ပြည်တွင်း ဝယ်လိုအား လိုအပ်ချက်လုံလောက်စေရေး ပြည်ပ၌ ရွှေမိုင်းတွင်းများ တူးဖော်ရင်းနှီးမြှုပ်နှံခြင်းက မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုဖြစ်လာသည့် အတွက် ခါးပတ်လမ်းနှင့်အတူ ပထဝီဝင်နိုင်ငံရေးဩဇာ လွှမ်းမိုးရာ နိုင်ငံများသို့ ရွှေမိုင်းတွင်းလုပ်ကွက် များ ကိုလိုနီပြုသလို ဝင်ရောက်လုပ်ကိုင်လာသည်။
Griffith Asia Institute အဆိုအရ တရုတ်၏ ခါးပတ်လမ်း (BRI) စီမံကိန်းအောက်ရှိ ၂၀၂၄ ခုနှစ် သတ္တုနှင့် မိုင်းတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂၁ . ၄ ဘီလီယံ အထိရှိခဲ့သည်ဟု ဆိုသည်။ မြန်မာသည်လည်း တရုတ်အကြိုက် အုပ်ချုပ်မှု ဖယိုဖရဲဖြစ်သော နိုင်ငံများထဲမှာ တစ်နိုင်ငံဖြစ်ရာ တရုတ် မိုင်းတွင်းလုပ်ငန်းရှင်များသည် သယံဇာတ ကြွယ်၀သော မြန်မာသို့ အလုံးအရင်း ဝင်ရောက်လာတော့သည်။ ပြည်တွင်း၌ ယင်းလုပ်ငန်းမျိုး အတွက် စည်းမျဉ်းဥပဒေများ ကျပ်တည်းလွန်းသလို အင်ဒိုနီးရှားနှင့် DR ကွန်ဂိုနိုင်ငံများတွင်လည်း သတ္တုတူးဖော်ရေးလုပ်ငန်းစည်းမျဉ်းများ ပြန်ကြပ်လိုက်သဖြင့် မြန်မာနိုင်ငံအတွင်း ပိုမို ရင်းနှီးမြှုပ်နှံ လာကြသည်။
တခြားနိုင်ငံများနှင့်ဆန်ကျင်ဘက်အဖြစ် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် တရုတ် မိုင်းတွင်းလုပ်ငန်းများတွင် မည်သည့် ဥပဒေကြောင်းနှင့်မျှ အရေးယူမှု၊ ကြီးကြပ်ပေးမှု မရှိတော့ပေ။ UWSA ထိန်းချုပ်နယ်မြေများသည် ရွှေရင်းမြစ်ကြွယ်၀လွန်းသော နယ်မြေများဖြစ်သည်။ ၎င်းတို့ UWSA ထိန်းချုပ်နယ်မြေအတွင်း တူးချင်တိုင်းတူးနေသော ရွှေမိုင်းလုပ်ကွက်များအပေါ် အနှောင့်အယှက်ပေးလာပါက မြန်မာပြည်တွင်း ပဋိပက္ခအတွင်း တရုတ်က ပိုမိုဝင်ရောက်ခြယ်လှယ် ခြင်းများလုပ်ဆောင်ခြင်းဖြင့် ခြိမ်းခြောက်ထားနိုင်သည်။ မြန်မာစစ်ကောင်စီဘက်မှ အနှောင့်အယှက် ပေးလျှင် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတိုက်အခံလက်နက်ကိုင်များဖြင့် ပြန် တည်ပေးခြင်းဖြင့် ပိုမို ဒုက္ခတွေ့သွားနိုင်သည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ပြန်လည်ဖြေရှင်းရေးနှင့် သဘောထားကွဲလွဲမှုများ ပြန်လည်သင့်မြတ်ရေး နည်းလမ်း အနည်းငယ်မျှသာ ရှိနေသည်။ စိုင်းဦးကဲ့သို့သော ရွာသားများသည် ၎င်းတို့ မြတ်နိုး ဦးခိုက်သည့် ဘိုးဘေးများနေထိုင်ရာ တောင်တန်းများနှင့် မြစ်ချောင်းများ တစ်စစီ ပြိုလဲ အဆိပ်သင့်နေခြင်းအား ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။ ထိုစဉ်မှာပင် မြစ်အောက်ပိုင်းရှိ သန်းပေါင်းများစွာ သော လူသားများသည် ၎င်းတို့ထံသို့ နှေးကွေးစွာဖြင့် ကပ်ဆိုးများ စီးဝင်လာနေသည်ကို သတိမပြုမိ နိုင်ကြသေးပေ။
အယ်ဒီတာမှတ်စု
ယခုတင်ပြမှုကို Mekong Eye နှင့် Dialogue Earth ၏ ကွန်ရက်တစ်ခုဖြစ်သော Earth Journalism Network ထောက်ပံ့မှုမှ တင်ပြခြင်းဖြစ်သည်။
မိုင်းတွင်းလုပ်ငန်း တိုင်းတာတွက်ချက်ပြမှုအားလုံးသည် ဂြိုဟ်တုဓာတ်ပုံများအခြေခံ တွက်ချက် တင်ပြ ခြင်းသာဖြစ်သည်။ ပါဝင်သော လူနာမည်များနှင့်နေရာတချို့မှာ တစ်ဦးချင်းစီ၏ လုံခြုံရေးကြောင့် အမည်လွှဲများအဖြစ် ဖော်ပြထားသည်များလည်း ပါရှိပါသည်။








