မဲခေါင်၊ ဇန်နဝါရီ ၆
မည်သည့်နိုင်ငံမဆို ကမ္ဘာ့တရားသူကြီး အဖြစ် လုပ်နေခြင်းကို ပေကျင်းက လက်မခံနိုင်ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရိုအား အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့သည်။
“ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကမ္ဘာ့ပုလိပ်ကြီးလို လုပ်နိုင်တယ်လို့ ကျနော်တို့ မယုံကြည်ခဲ့ပါဘူး။ အဲဒီလိုပဲ ဘယ်နိုင်ငံမဆို ကမ္ဘာ့တရားသူကြီးလို့ ပြောတာကို ကျနော်တို့ လက်မခံပါဘူး” ဟု ပေကျင်းမြို့၌ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါနှင့် တွေ့ဆုံစဉ် ဗင်နီဇွဲလားနိုင်ငံမှ ရုတ်တရက် ဖြစ်ရပ်များကို ရည်ညွှန်းရင်း အမေရိကန်အား တိုက်ရိုက်မဖော်ပြဘဲ ဝမ်ယီက ဆိုသည်။
နိုင်ငံတကာ ဥပဒေအရ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအား အပြည့်အဝ ကာကွယ်ပေးထားသင့်သည်ဟု ၎င်းက ဆက်ပြောသည်။
၆၃ နှစ်အရွယ် မာဒူရိုအား မျက်နှာစည်းထားပြီး လက်ထိပ်ခတ်ထားသော ပုံရိပ်က ဗင်နီဇွဲလား နိုင်ငံသားများအား အံ့အားသင့်စေခဲ့ပြီးနောက် ဝမ်ယီက ပထမဆုံး မှတ်ချက်ပေးခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင်အမေရိကန်နှင့် မဟာမိတ်များက ဗင်နီဇွဲလားနိုင်ငံ အပေါ် တားဆီးပိတ်ဆို့မှုများ တိုးမြှင့်ခဲ့ပြီး နောက်ပိုင်း ကမ္ဘာ့ဒုတိယ စီးပွားရေးအကြီးဆုံး တရုတ်က ဗင်နီဇွဲလားအား စီးပွားရေးအရ အသက်ဆက်နိုင်ရန် ကူညီပေးထားကာ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုး အထိ ကုန်စည်များကို ဝယ်ယူခဲ့သည်။
တရုတ်၏ဝယ်ယူမှု ထက်ဝက်နီးပါးမှာ ရေနံစိမ်းများဖြစ်ကြောင်း အကောက်ခွန် အချက်အလက်များက ပြသခဲ့ပြီး တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးများကလည်း ၂၀၁၈ ခုနှစ်တွင် ဗင်နီဇွဲလားနိုင်ငံ၌ ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဖိုး အထိ ရင်းနှီးမြုပ်နှံခဲ့ကြသည်ဟု တရုတ်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ခြေရာခံနေသည့် ပညာရှင်အဖွဲ့ American Enterprise Institute က ဆိုသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ကမ္ဘာ့တရားသူကြီး
#မာဒူရို
#အမေရိကန်
#တရုတ်








