မဲခေါင်၊ သြဂုတ် ၁၀
ယူကရိန်းတပ်တွေဟာ တန်ပြန်ကျူးကျော်စစ်ပွဲအဖြစ် ရုရှားနိုင်ငံထဲက ကက်ရှ်ဒေသကို အလုံးအရင်း ဝင်ရောက် တိုက်ခိုက်ရာမှာ ရုရှားစစ်သည်ယာဉ်တန်းတစ်ခုလုံး HIMARS ဒုံးကျည်တွေဒဏ်ကြောင့် မြင်မကောင်းအောင် ပျက်ဆီးသွားပြီး ရုရှားစစ်သား ၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရှိရပါတယ်။
ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ ရုရှား စစ်ကြောင်းတစ်ခုလုံး ကက်ရှ်ဒေသက လမ်းပေါ် အပိုင်းပိုင်း မီးလောင်ပေါက်ကွဲပျက်စီးလို့ စစ်သည်အလောင်း တွေ လမ်းပေါ် ပုံနေတာလည်းတွေ့ရသလို ဒေသခံတွေ အဆိုအရ အလောင်းပေါင်း ၄၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ရုရှားစစ်ကြောင်းမှာ လက်နက်ခဲယမ်းအပြည့်တင်ဆောင်ထားတဲ့ စစ်ကုန်ကား အနည်းဆုံး ၁၄ စီးဟာ ယူကရိန်း ဒုံးကျည်ဒဏ်တွေကြောင့် လမ်းပေါ် မီးလောင်ပေါက်ကွဲပြီး စစ်သားအလောင်းတွေပါ ပျံ့ကျဲနေတာဖြစ်ပါတယ်။
ဒါကြောင့် ရုရှားအရေးပေါ်ဝန်ကြီးဌာနက အစိုးရကော်မရှင် အစည်းအဝေးခေါ်ပြီးနောက် ကက်ရှ်ဒေသကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကြောင်း ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်သွားခဲ့ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ကျူးကျော်စစ်မှာ အင်အားများပြားတဲ့ တင့်ကားတန်းအပြင် မကြာသေးခင်ကမှ အမေရိကန် ပေးအပ်လိုက်တဲ့ F-16 ဖိုက်တာတိုက်လေယာဉ်တွေနဲ့ စစ်သည်အင်အား အများအပြားပါဝင်တာကြောင့် ၄ ရက်တာ ကျူးကျော်တိုက်ခိုက်မှုအတွင်း ရုရှားတပ်တွေ အကျအဆုံးများပြားလွန်းနေပြီး ရွာအများစု သိမ်းပိုက်ခံနေရတာ ဖြစ်ပါတယ်။
အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်အရ ပူတင်ရဲ့တံခါးပေါက်ကိုပါ လာခေါက်နိုင်တော့မယ့် ယူကရိန်းတန်ပြန်စစ်ကို ဟန့်တားဖို့ ကရင်မလင်အစိုးရအဖွဲ့ဟာ ကိုယ့်နိုင်ငံအတွင်း ဒေသတွေကို နျူကလီးယား လက်နက်သုံး ပစ်ခတ်ဖို့အထိ ခွင့်ပြုချက်ပေးဖို့ ပြင်ဆင်နေကြောင်းလည်း သိရှိရပါတယ်။
၂၀၂၄ ပထမ ၄ လပတ်ကာလအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေတွေကို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်မြှင့်တင်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ခုလပိုင်းအတွင်း အမေရိကန်နဲ့ မဟာမိတ်အင်အားကြီးနိုင်ငံတချို့က ရုရှား ပြည်တွင်းအထိ ထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ပစ်ခတ်ခွင့်ပြုလိုက်ပြီးနောက် ရုရှားပြည်တွင်းက အရေးပါတဲ့ ဆိပ်ကမ်း၊ ဆီသိုလှောင်ရုံ၊ လက်နက်ခဲယမ်းသိုလှောင်ရုံနဲ့ လေတပ်အခြေစိုက်စခန်းများစွာဟာ တိုက်ခိုက်ခံနေရ ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ပြန်လည် ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။
Ref:Thesun & AA
MKF-001










