မဲခေါင်၊ ဇူလိုင် ၁၉
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က သွားဆေးခန်းတစ်ခုမှာ တာချီလိတ်မြို့ခံတစ်ဦးက သွားရောဂါကိုကုသဖို့ စရံငွေ အဖြစ်ပေးထားတဲ့ ဘတ် ၃သောင်းကို ဆေးမကုတော့ပေမဲ့ ပြန်မပေးတာကြောင့် အငြင်းပွားမှုတွေဖြစ်နေရတယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်က တာချီလိတ်ဒေသခံတိုင်းရင်းသူတစ်ဦးနဲ့ သူ့ရဲ့မောင်ဖြစ်သူတို့ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကိုကူးပြီး မယ်ဆိုင်မြို့ပေါ်က သွားဆေးခန်းတစ်ခုကိုသွားရောက်ပြသခဲ့ရာ ဆေးခန်းက စရံငွေအဖြစ် အမဖြစ်သူအတွက် ဘတ် ၂သောင်းနဲ့ မောင်ဖြစ်သူအတွက် ဘတ်တစ်သောင်း တောင်းထားခဲ့တယ်လို့ အဲဒီနီးစပ်သူကဆိုပါတယ်။
“ကျွန်မနဲ့ ကျွန်မမောင်လေးက မနေ့က ဟိုဘက်ကူးပြီးသွားပြလိုက်တာ။ ကျမကို ဓာတ်မှန်ရိုက်ပေးတယ်။ သွားတစ်ချောင်းနှုတ်ပေးတယ်။ ပြီးတော့ သွားတု ဆက်လုပ်ရမယ်ပေါ့။ အာလုံးပေါင်း ဘတ် ၂သိန်း ၃သောင်းကုန်မယ်ပြောတယ်။ အဲဒါနဲ့ အိမ်ရောက်တော့ တိုင်ပင်လိုက်တော့ ဈေးအရမ်းများလို့ မလုပ်တော့ဘူးပြောတာ။ နာရီပိုင်းအတွင်းပြန်ပြောတာကို စရံငွေပြန်မရတော့ဘူး”လို့ သူက ရှင်းပြပါတယ်။
ဒီလိုဖြစ်စဉ်မျိုးတွေ မကြာခဏဖြစ်လေ့ရှိတာကြောင့် မြန်မာနိုင်ငံဘက်က သွားရောက်ဆေးကုသသူတွေအနေနဲ့ သတိထားဖို့ ကာယကံရှင်နဲ့နီးစပ်သူက ပြောပါတယ်။
“ဘတ် ၃သောင်းဆိုတာ မနည်းဘူးလေ။ မြန်မာဘက်က မသိတဲ့တိုင်းရင်းသားတွေက ဆေးသွားကုရင် ဒီလိုမျိုးကြုံရမှာဆိုးလို့၊ အားလုံးကိုသတိထားစေချင်လို့ပါ” လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ထဲမှာ နေထိုင်သူအများစုဟာ နေထိုင်မကောင်းဖြစ်လာရင် နယ်မြေချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ နယ်စပ်၊ မယ်ဆိုင်မြို့ထဲက ဆေးရုံ၊ ဆေးခန်းတွေမှာ အများစုက သွားရောက်ကုသလေ့ရှိကြပါတယ်။
MK-007
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်








