မဲခေါင်၊ မတ် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ – လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့ မတ်လ ၂၇ ရက်နေ့ ၂ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့ မတ်လ ၂၈ရက်မှာ ပြေလည်မှုရရှိခဲ့တယ်လို့ အဲဒီတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“သိန္နီကတော့ အစဉ်အဆက် ရှမ်း ပဲလေ။ ဒါပေမယ့် ကိုးကန့်ကလည်း အဲဒီနေရာကို မသိမ်းလို့မရဘူး။ ကွမ်လုံရဲ့ ဝင်ပေါက်လေ။ ပြီးသွားပါပြီ။ နမ့်စလပ်နားမှာဖြစ်တာ ပြီးသွားပြီ” လို့ သူက ပြောပါတယ်။
“ တနေ့က မတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင် လောက်ကိုင် သွားတဲ့ ကွမ်းလုံလမ်း၊ နမ့်စလပ်နားက ရှမ်းရွာမှာ MNDAA နဲ့ SSPP/SSA တွေ တိုက်ပွဲဖြစ်တာ။ လူတွေ ထိတယ်လို့တော့ ပြောတယ်။ အတိကျ မသိရဘူး။ နမ့်စလပ်နားမှာက မနေ့ မတ် ၂၇ ရက်နေ့အထိ ရှုပ်ထွေးနေတုန်းပဲ။” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
မတ်လ ၂၆ရက် ညနေ ၃နာရီခွဲဝန်းကျင်က စတင်ခဲ့တဲ့ MNDAA နဲ့ SSPP/SSA တို့ရဲ့ တိုက်ပွဲကြောင့် မတ်လ ၂၇ရက်အထိ တိုက်ပွဲ ဖြစ်ပွားနေချိန် ခရီးသွားကားတွေကို ဖြတ်သန်းခွင့် ခဏတဖြတ် ပိတ်ထားတာရှိပေမယ့် ကားလမ်း လုံးဝ ပိတ်သွားတာမျိုးတော့ မရှိဘူးလို့ လားရှိုး – ကွတ်ခိုင် ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
လားရှိုး – မိုင်းယော် – လောက်ကိုင်လမ်းမှာလည်း MNDAA ဘက်က စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဆိုပါတယ်။
မျက်မြင်ယာဉ်မောင်း တစ်ဦးကလေည်း “ တနေကုန် ကားလမ်းတွေ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေတာ။ တိုက်ပွဲ ဖြစ်လို့လေ။ ကျနော့်ရှေ့မှာတင် ကိုးကန့် ၂ ယောက်ထိသွားတယ်။ ဘက်ထရီ ဆိုင်ကယ်နဲ့။ တစ်ယောက်က ကျည်ထိပြီး လမ်းဘေးမှာ လဲကျ သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ခြေထောက်ထိတယ်။ ဆိုင်ကယ် ပစ်ထားခဲ့ပြီး ထော့နဲ့ ထော့နဲ့ နဲ့ ထွက်ပြေးသွားတယ်” လို့ သူက ရှင်းပြပါတယ်။
နမ့်စလပ် နဲ့ သိန္နီ လမ်းတလျှောက် MNDAA စစ်သားတွေ အများအပြား စစ်ကြောင်းထိုးလာတာတွေ့ရပြီး သိန္နီမြို့မှာလည်း MNDAA စစ်သားတွေပြည့်နေတာတွေ့ရတယ်လို့အဲဒီယာဉ်မောင်းက ပြောပါတယ်။
ဒေသခံတချို့ကတော့ သိန္နီဘက် စစ်ကြောင်းချီလာတဲ့ MNDAA တပ်ဖွဲ့ကို SSPP/SSA တွေက ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလာတယ်လို့ ပြောပါတယ်။
SSPP/SSA ဘက်ကလည်း မတ်လ ၂၆ ရက်နေ့ကစ မတ်လ ၂၇ ရက်နေ့အထိ SSPP/SSA တပ်စခန်းရှိရာဘက် MNDAA တပ်ဖွဲ့က တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ရာက နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားလာကြောင်း၊ နှစ်ဖက် ဆွေးနွေးမှု နဲ့ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဆွေးနွေးမှု အဆင်မပြေပဲ ဒေသခံပြည်သူတွေကို ထိပါး လာပါက SSPP/SSA အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
MNDAA တပ်ဖွဲ့တွေက ၁၀၂၇ ကာလအတွင်း သိမ်းပိုက်ထားတဲ့ MNDAA ထိန်းချုပ်ထားတဲ့ ကြူကုန် (ပန်ဆိုင်း) မြို့မှာတော့ ဒေသခံ ပြည်သူလူထုတွေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွေ့ဆုံ စည်းဝေးလုပ်ချိန်မှာ KIA နဲ့ SSPP/SSA တွေကို စစ်ယူနီဖောင်းဝတ်ဆင်ပြီး မြို့ထဲ ဝင်ခွင့် မပြုရန်၊ လက်နက်ကိုင်ဆောင်ပြီး မြို့ထဲ ဝင်ခွင့်မပြုဖို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နမ့်စလပ်အနီး ဝန်းကျင်မှာလည်း ဒီကိစ္စကြောင့် ၂ဖက် ပွတ်တိုက်မှုရှိလာတာ ဖြစ်ဖို့များတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA နဲ့ SSPP/SSA တို့ဟာ ‘ဝ’ တပ်ဖွဲ့ UWSA က ဦးဆောင်ပြီး မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့ပါဝင်တဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ – FPNCC အဖွဲ့ဝင်တွေဖြစ်ပါတယ်။
MK – 004, CJ – 008