မဲခေါင်၊ ဇန်နဝါရီ ၂၆
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့် တွေပိတ်ပင်ထားမှုကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ဖွင့်ပေးတော့မယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ Meta က အတည်ပြုကြေညာပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးဆဲကာလနဲ့ ရွေးကောက်ပွဲ အပြီးမှာ သူ့ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်တွေကနေ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေ ဆက်တိုက်သုံးစွဲ ဝေဖန်တိုက်ခိုက်လို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က အကောင့်နှစ်ခုစလုံး ၂ နှစ်နဲ့ ၁ လ ကြာ ပိတ်ပင်ခံလိုက်ရတာဖြစ်ပါတယ်။
အီလွန်မာ့ခ် ပိုင်ဆိုင်သွားပြီးနောက် တွစ်တာက ထရမ့်ရဲ့ အကောင့်ကို ပြန်ဖွင့်ပေးခဲ့ပြီးဖြစ်သလို အခုလည်း Meta ဘုတ်အဖွဲ့က ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်ကို အရေးယူပိတ်ပင်မှုပြည့်ပြီးနောက် ကြမ်းတမ်းရိုင်းစိုင်းခဲ့တဲ့ စကားလုံးတွေဖြုတ်ပြီး ပြန်ဖွင့်ပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။
သူတို့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ပွင့်လင်းမြင်သာမှုရှိရုံနဲ့မရဘဲ တာဝန်ခံမှုရှိတဲ့ အရေးအသား၊ အပြောအဆိုတွေကို နောက်လူတွေ ပိုမိုနားလည် သိရှိစေဖို့ ထရမ့်ကို အရေးယူခဲ့တာဖြစ်ကြောင်း၊ အခု အရေးယူကာလပြည့်တော့မှာမို့ ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ကြောင်း Meta ဘုတ်အဖွဲ့က ကြေညာပါတယ်။
ထရမ့်ကတော့ Meta ကို နောက်နောင် လက်ရှိသမ္မတထိုင်ခုံပေါ်ထိုင်နေတဲ့သူကို ဘယ်တော့မှ ဒီလိုထပ်မလုပ်မိ စေဖို့နဲ့ မထိုက်တန်တဲ့ ပိတ်ပင်မှုတွေကို ဘယ်လိုလူသားမျိုးကိုမှ မလုပ်သင့်ဘူးလို့ တုံ့ပြန်ပြောကြားထားပါတယ်။
MKF-001
#အမေရိကန်သမ္မတထရမ့် #Meta
#Mekongnews
Ref:bernam